စာဖတ်သူတို့ထဲမှာ အိမ်မွေးတိရစ္ဆာန်ချစ်တတ်တဲ့သူတွေ ပါကြမှာပါနော်။ တိလေးတွေ မွေးတာက သင့်ကို အထီးမကျန်ရအောင် အဖော်ပြုပေးနိုင်သလို Stress လည်းလျော့တာမို့ စိတ်ပျော်ကိုယ်နုစေတဲ့ အကျိုးကျေးဇူးတွေ ရပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်က ကိုယ်နဲ့အကျွမ်းတဝင်ပိုရှိပြီး အချစ်ဆုံးဖြစ်တဲ့ အိမ်မွေးအကောင်လေးတွေ မတူကြပါဘူးနော်။ ဥပမာ တစ်ချို့က ခွေးလေးတွေပိုချစ်သလို တစ်ချို့တွေက ကြောင်လေးတွေမှ မွေးချင်တဲ့သူတွေ ရှိကြမှာပါ။ ဒီလိုမျိုး သင်ရွေးလိုက်တဲ့ အကောင်လေးတွေကတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားနဲ့ ပင်ကိုယ်စရိုက်တွေကို အကြမ်းဖျင်းခန့်မှန်းနိုင်တယ် ဆိုတာရော သိထားပြီးပြီလား။ စိတ်ဝင်စားတဲ့သူတွေအတွက် သင့်မွေးထားတဲ့ အချစ်ဆုံးတိလေးတွေက တစ်ဆင့် သိနိုင်မယ့် သင့်အကြောင်းအချို့ကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်နဲ့ ကွက်တိတူနေတဲ့ အချက်တွေပါမလား ကြည့်လိုက်ရအောင်နော်-

ကြောင်ချစ်သူတွေ


ကြောင်ချစ်တတ်တဲ့သူတွေဟာ ဘေးမှာရှိတဲ့သူတွေအပေါ် သံယောဇဉ်ရှိပြီး ဂရုစိုက်တတ်တဲ့သူတွေပါ။ သူတို့ ချစ်တဲ့သူတွေအတွက်ဆိုရင် အချိန်မရွေး လိုအပ်တဲ့အကူအညီပေးဖို့ အဆင့်သင့်ရှိနေတတ်တဲ့သူတွေ ဆိုရင်လည်းမမှားပါဘူး။ အပြင်ပန်းက အနေအေးပြီး ဂရုမစိုက်သလိုမြင်ရပေမယ့် တကယ်တမ်းမှာတော့ ပတ်ဝန်းကျင်ကို အမြဲနားစွင့်ပြီး စပ်စုနေတတ်ကြပါတယ်။ စိတ်ရင်းနွေးထွေးပြီး နူးနူးညံ့ညံ့ချစ်တတ်တဲ့အပြင် အချစ်ခံရတာကိုလည်း သဘောကျကြပါတယ်။

ခွေးချစ်သူတွေ


ခွေးလေးတွေကိုမှ အချစ်ဆုံးဖြစ်တဲ့သူတွေကတော့ သဘာဝကိုချစ်မြတ်နိုးပြီး စွန့်စားရတာကို ကြိုက်တဲ့ စရိုက်ရှိကြပါတယ်။ အိမ်မှာပဲနေတာထက် တက်တက်ကြွကြွနဲ့ သွားလာရတာကို ပိုသဘောကျပြီး ပျော်ပျော်နေတတ်တဲ့သူတွေဖြစ်ပါတယ်။ ဒါ့အပြင် လုပ်သမျှအရာတိုင်းကို စိတ်ပါလက်ပါနဲ့ အားစိုက်ပြီး ကြိုးစားတတ်ကြတဲ့ သူတွေလည်းဖြစ်ပါတယ်။

ဌက်ချစ်သူတွေ


ဌက်မွေးတတ်သူတွေက စွန့်ဦးတီထွင်ဖန်တီးဉာဏ်ကောင်းကြပြီး အိုင်ဒီယာအသစ်တွေထုတ်ရတာမျိုးကို ကြိုက်တတ်ကြပါတယ်။ လွတ်လွတ်လပ်လပ်နေတတ်ပြီး အကောင်းမြင်စိတ်များသူတွေဖြစ်တာမို့ ဘေးမှာရှိတဲ့သူတွေကိုပါ အပျော်တွေကူးစက်အောင် လုပ်နိုင်ကြသူတွေပါ။

ယုန်ချစ်သူတွေ


ယုန်ချစ်သူအများစုက Introvert တွေဖြစ်ကြပြီး သူတို့အတွေးနဲ့သူတို့ တစ်သီးတစ်သန့်နေရတာကို ကြိုက်ကြပါတယ်။ စိတ်ဝင်စားတဲ့အရာတွေအပေါ်မှာတော့ တက်တက်ကြွကြွရှိကြပြီး သူများထက်ပို အလုပ်ကြိုးစားလေ့ရှိတဲ့သူတွေပါ။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး အာရုံစိုက်ဖို့ မမေ့ကြတဲ့သူတွေဖြစ်ပါတယ်။

ငါးချစ်သူတွေ


ငါးမွေးထားတဲ့သူတွေက ဟာသဉာဏ်ရှိပြီး Social ကျတဲ့သူတွေဖြစ်လို့ တွေ့သမျှလူတိုင်းနဲ့ မိတ်ဆွေဖြစ်သွားတတ်တဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ လူသစ်တွေနဲ့ ပြောဆိုဆက်သွယ်တဲ့နေရာမှာကျွမ်းကျင်ပြီး ခင်မင်မှုကို အလွဲသုံးစားမလုပ်ဘဲ တန်ဖိုးထားတတ်ကြသူတွေပါ။

Hamster ချစ်သူတွေ


အခုနောက်ပိုင်း အမွေးများတဲ့ Hamster လေးတွေ မွေးထားတဲ့သူတွေဟာ ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ အသွင်အပြင်ရှိကြသူတွေပါ။ ကိုယ်လိုချင်တဲ့အရာအတွက် အမှန်တကယ်စိတ်နှစ်ပြီး ကြိုးစားလိုက်တာနဲ့ တကယ်တမ်း အောင်မြင်အောင် လုပ်နိုင်ကြတဲ့သူတွေဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar