Personality လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စရိုက်တွေအကြောင်းဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သူ့ရဲ့စကားလုံးတွေအပြင် သူလုပ်နေကျအမူအယာတွေကလည်း ပြောပြနိုင်ပါတယ်။ အခုတစ်ခေါက်မှာ လက်အမူအယာကို ကြည့်ပြီး လူရဲ့ စရိုက်သဘာဝကို ဖတ်ရှုတဲ့အကြောင်းလေး ပြောချင်ပါတယ်။

(၁) ညာလက်ကို အပေါ်မှာ တင်တတ်သူ

Photo: brightside

စားပွဲခုံပေါ်မှာ လက်တင်ထားချိန် ညာလက်ကို ဘယ်လက်ပေါ် တင်တတ်တဲ့သူတွေတွေ့ဖူးမှာပါ။ စိတ်ပညာရှင်တွေကတော့ ဒီအမူအယာဟာ ဘာပဲလုပ်လုပ်ပြီးပြည့်စုံတာကို လိုချင်ကြတဲ့ Perfectionist တွေရဲ့ လက္ခဏာတစ်ခုလို့ ဆိုပါတယ်။ အဲ့လိုလူတွေအများစုဟာ ပြဿနာတွေ ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမျိုးမှာ စမတ်ကျတဲ့သူတွေ ဖြစ်လေ့ရှိပါတယ်။ ဆုံးဖြတ်ချက်မချခင်မှာ အကျိုးအပြစ် ထည့်တွက်လေ့ရှိကြပြီး အပေါင်းအသင်းလည်း ဝင်ဆံ့တဲ့သူတွေ ဖြစ်တတ်ပါတယ်။ မကောင်းတဲ့ဘက်က တစ်ခြားသူတွေရဲ့ အထင်အမြင်လောင်းရိပ်အောက်မှာ ရှိနေတတ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ပတ်ဝန်းကျင်က မကောင်းတဲ့မှတ်ချက်တွေကြောင့် ခံစားနေတတ်ပါတယ်။

(၂) ဘယ်လက်ကို အပေါ်မှာ တင်တတ်သူ

Photo: Liberty Park Music

အချိန်ပြည့် သံသယနဲ့နေတဲ့သူမျိုးပါ။ ဘာကိုမဆို အမှုမဲ့အမှတ်မဲ့ မနေတတ်ဘဲ စေ့စေ့စပ်စပ်ရှိတတ်ပါတယ်။ သူတို့ဆုံးဖြတ်ချက်တွေကလည်း မှန်လေ့ရှိပြီး သူငယ်ချင်းတွေရဲ့ အတိုင်ပင်ခံ ယုံကြည်ထိုက်သူတွေလည်း ဖြစ်ပါတယ်။ ဒီလိုလူတွေဟာ စွန့်စားခန်းဖွင့်ရတာလည်း နှစ်သက်ပြီး အတွေ့အကြုံသစ်တွေနဲ့ အပြောင်းအလဲတွေ လိုလားလေ့ရှိပါတယ်။ ခရီးသွားဝါသနာပါတတ်သလို စာဖတ်ရတာ ၊ ရုပ်ရှင်ကြည့်ရတာလည်း မွေ့လျော်တတ်ပါတယ်။

(၃) ဘယ်လက်မကို အပေါ်မှာ ထားတတ်သူ

Photo: futurity

လက်မနဲ့လက်ချောင်းတွေက လူရဲ့ စရိုက်ကို ဖော်ပြနိုင်ပါတယ်။ လက်နှစ်ဖက် အုပ်ထားချိန်မှာ ညာလက်မပေါ် ဘယ်လက်မထားတတ်သူမျိုးဟာ လက်တွေ့ကျတတ်ပါတယ်။ စိတ်လည်း ရှည်လေ့ရှိပါတယ်။ ဒေါသထွက်နေတုန်း တစ်ခုခု ဆုံးဖြတ်လိုက်တာမျိုး လုပ်လေ့မရှိသူတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတွေ သဘောကျတဲ့ ဘော်ဒါကောင်းတစ်ယောက်လည်း ဖြစ်လေ့ရှိပါတယ်။ အရေးကြီးတဲ့အကြောင်းအရာဆိုရင် သူ့ဆီကို ရင်လာဖွင့်လေ့ရှိတတ်ကြပါတယ်။ နောက်တစ်ခုက အဲ့လို လူတွေဟာ စကားလုံးအနုအရွလေးတွေသုံးတတ်တဲ့ Romantic ဆန်သူလည်း ဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်စကားပြောသင့်သလဲ အတိအကျသိတတ်သူမျိုးပါ။

(၄) လက်မနှစ်ချောင်း ယှဉ်ထားတတ်သူ

Photo: notiactual

ဒီလိုလူတွေဟာ ရိုးဖြောင့်သူတွေ ဖြစ်တတ်ပါတယ်။ စကားကိုလည်း ကွေ့ဝိုက်မပြောတတ်သူမျိုး။ ကိုယ့်အတွင်းစိတ်ကိုလည်း သူများကို ပေးသိတတ်ပါတယ်။ ကိုယ့်ရင်ထဲက အကြောင်းအရာတွေကို တခြားသူတွေ ပြောပြတာကို ရှက်စရာလို့လည်း မခံစားတတ်သူတွေ ဖြစ်ပါတယ်။ လူတွေပေါ်လည်း အယုံလွယ်တတ်ပါတယ်။ အပေါင်းအသင်းလည်း မင်ပါတယ်။ တစ်ခုခု ဆုံးဖြတ်တော့မယ်ဆိုရင်တောင် တခြားသူတွေရဲ့ ထင်မြင်ချက်ကို ထည့်စဉ်းစားဖို့ ကြိုးစားတတ်ကြပါတယ်။

(၅) ညာလက်မကို အပေါ်မှာ ထားတတ်သူ

Photo: visme

လက်နှစ်ဖက်ဆုပ်ထားချိန်မှာ ညာလက်မကို ဘယ်လက်မအပေါ် ထားတတ်တဲ့အကျင့်ရှိသူအများစုဟာ EQ လို့ခေါ်တဲ့ ခံစားမှုဉာဏ်ရည်ကိန်း မြင့်သူတွေ ဖြစ်တတ်ပါတယ်။ သူတစ်ပါးရဲ့ စိတ်ကို ဖတ်တဲ့နေရာမှာ ဆရာကျသူတွေပါ။ တွေးခေါ်ယူဆပုံတွေကလည်း သမရိုးကျနည်းနဲ့ ခွဲထွက်နေတတ်ပါတယ်။ သူများတွေနဲ့ အမြင်ချင်းမတူတာတွေလည်း သူ့မှာ အများကြီးပါပဲ။ ဖွင့်မပြောတဲ့ ခံစားချက်တွေ ဖတ်တဲ့နေရာ ကျွမ်းကျင်လို့ သူနဲ့လက်တွဲရတဲ့ ချစ်သူတွေဟာ ပျော်ရွှင်ရတတ်ပါတယ်။ သူကိုယ်တိုင်ကလည်း နားလည်မှုရှိပြီး မျှတတဲ့စိတ်အခံ ရှိတတ်ပါတယ်။ သူကိုယ်တိုင်ကတော့ ကိုယ်ဘယ်လိုခံစားနေရပါတယ်ဆိုပြီး ထုတ်ပြလေ့မရှိပါဘူး။