ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ တင်စားခေါ်ဝေါ်ကြတာကြောင့် ဆံကေသာကျန်းမာသန်စွမ်းတာကိုပဲ လူတိုင်းလိုချင်ကြတာပါ။

ခေါင်းဖြီးလိုက်တိုင်းမှာ ဆံပင်တစ်ပင် နှစ်ပင်လောက် ကျွတ်တတ်ကြပေမယ့် ပုံမှန်ထက်လွန်ကဲပြီး ဆံပင်အရမ်းကျွတ်လာရင်တော့ သင့်ရဲ့စားသောက်မှုနဲ့ နေထိုင်မှုပုံစံတွေ မှားယွင်းနေလို့ပါပဲ။

ဆံပင်တွေ ဒီ့ထက် ပိုမကျွတ်ချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်တွေကို လိုက်နာပေးလိုက်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ စားသုံးခြင်းက သင့်ဆံကေသာကို ထူထဲသန်စွမ်းအောင် ကူညီပေးနိုင်ပါတယ်။ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါးများ၊ ဗီတာမင် အီး ဓာတ်ကြွယ်ဝတဲ့ မြေပဲနဲ့ အခြားအစေ့အဆံများက ဆံကေသာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ

ဆံပင်မွှေးညင်းပေါက်လေးတွေရဲ့ ၂၅ ရာခိုင်နှုန်းခန့် ရေနဲ့ဖွဲ့စည်းထားတာကြောင့် တကယ်လို့ ရေများများမသောက်ဘဲ ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင်တော့ ဆံပင်မွှေးညင်းပေါက်လေးတွေက အားနည်းလာပြီး ဆံပင်အများကြီးကျွတ်လာပါတော့တယ်။

ဗီတာမင်ဓာတ် မှီဝဲပါ

စိတ်ဖိစီးခြင်း၊ မျိုးရိုးဗီဇသက်ရောက်မှုရှိခြင်း၊ ဆေးဝါးများသောက်သုံးနေရခြင်းနဲ့ ဗီတာမင်ဓာတ်ချို့တဲ့ခြင်းတို့က ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကတရားခံတွေပါပဲ။ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့ရန်အတွက် ဗီတာမင်ဓာတ်များအားလုံး ရရှိအောင် ကြိုးစားပါ။

ဗီတာမင် အေက သင့်ဆံပင်မွှေးညင်းပေါက်လေးတွေအတွက် အားဖြည့်ပေးပြီး ဗီတာမင် ဘီကတော့ စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။ ဗီတာမင် စီ၊ ဒီနဲ့ အီးကတော့ သင် ကျန်းမာနေဖို့ လိုအပ်တဲ့အာဟာရတွေကို ထိန်းသိမ်းပေးထားပါတယ်။

ကျွမ်းကျင်ပညာရှင်များထံမှ အကူအညီရယူပါ

ဆံပင်တွေ အလွန်အမင်းကျွတ်လာပြီဆိုရင် အရေပြားအထူးကုဆရာဝန်ထံသွားပြီး ကုသမှုခံယူသင့်ပါတယ်။ ဒါမှ ဘာဆေး သောက်ရမလဲ၊ ဘယ်လိုအစားအစာတွေ စားရမလဲ၊ ရှောင်ကြဉ်ရမလဲဆိုတာ သိမှာပါ။

ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းနှောင်ထားခြင်းမှ ရှောင်ကြဉ်ပါ

ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းထားခြင်းကလည်း ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းတစ်ခုပါပဲ။