လူနှစ်ယောက်ကြားထဲက ပေါင်းသင်းဆက်ဆံရေးတစ်ခု (Relationship) တည်မြဲဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ဒါပေမယ့် တချို့ပျော်ရွှင်တဲ့ စုံတွဲတွေကတော့ သူတို့ရဲ့ ရေရှည်ဆက်ဆံရေးကို အဆင်ပြေပြေ ထိန်းထားနိုင်ကြပါတယ်။

ပျော်ရွှင်တဲ့စုံတွဲတွေဟာ အချင်းချင်းကြားက အနိမ့်အမြင့်အတက်အကျတွေကို ဘယ်လိုအတူတူ ကျော်ဖြတ်ရမလဲဆိုတာကို သိကြပါတယ်။ အခု ပြောပြပေးမှာက Relationships တွေမှာ ပျော်ရွှင်မှုရှိဖို့ဆိုရင် ဘာတွေလိုအပ်လဲဆိုတာကို ပြောပြပေးမှာပါ။

(၁) အချင်းချင်း ယုံကြည်မှုရှိတာ

ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရဲ့ ပထမဆုံးလိုအပ်ချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့ ဖြစ်ပါတယ်။ ဒါက ချစ်သူရည်းစားတွေကြားမှာ ရှိသင့်တဲ့ အရေးကြီးတဲ့အချက်တစ်ချက်ပါ။ ပျော်ရွှင်တဲ့ဆက်ဆံရေးတွေမှာ ကိုယ့်ချစ်သူကို ကိုယ်နဲ့အတူမရှိတဲ့ အခါတွေမှာလည်း ဘယ်တော့မှ မစိုးရိမ်သင့်ပါဘူး။

ယုံကြည်မှုရှိတယ်ဆိုတာ ကိုယ့်ချစ်သူနဲ့ အတူရှိရတာ လုံခြုံတယ်လို့ ခံစားရတာ၊ ကိုယ့်ကို ထိခိုက်နာကျင်အောင်မလုပ်ဘူးလို့ ယုံကြည်တဲ့အတွက်ကြောင့် အခြားသူတစ်ယောက်အားကိုးတာကို ဆိုလိုပါတယ်။ ဒါကြောင့် ယုံကြည်မှုဆိုတာ ဆက်ဆံရေးတစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

(၂) တစ်ယောက်နဲ့တစ်ယောက်ကြား စာနာမှုရှိတာ

တစ်ခါတစ်ရံမှာ ငြင်းခုံစကားများကြရင်း တစ်ဖက်ကပြောတာကို နားထောင်ချင်စိတ်မရှိတဲ့အခါ အခြေအနေတွေက ရှေ့မတိုးနောက်မဆုတ် ဖြစ်တတ်ကြမှာပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် နားထောင်ပေးပြီး တစ်ယောက်ရဲ့ခံစားချက်တွေကို တစ်ယောက်က နားလည်အောင်ကြိုးစားတာဟာ ကိုယ်ပိုင်အယူအဆတွေကို ပြောင်းလဲပစ်တာ ဒါမှမဟုတ် မှားတယ်လို့ ဝန်ခံလိုက်ဖို့လို့ မဆိုလိုပါဘူး။

ဒါက ကိုယ့်ရဲ့လက်တွဲဖော်ရဲ့ ခံစားချက်နဲ့ သူ့ကို ဂရုစိုက်ကြောင်းပြသရုံပါပဲ။ ဘယ်လောက်ပဲ လက်တွဲခဲ့တာကြာကြာ ကိုယ့်လက်တွဲဖော်ကို သူ့ဘက်ကနေဝင်ပြီး စာနာကြည့်ပေးတာက တစ်ယောက်နဲ့ တစ်ယောက်ကြားက ပြဿနာတော်တော်များများကို ပြေလည်သွားစေနိုင်ပါတယ်။

(၃) ပွင့်လင်းမှုရှိတာ

ချစ်သူစုံတွဲတွေကြားမှာ အချင်းချင်းပွင့်လင်းမှုရှိဖို့ကလည်း မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ ကိုယ့်ခံစားချက်ကို ရှင်းရှင်းလင်းလင်းနဲ့ နားလည်အောင်ထုတ်ဖော်ပြောဆိုလိုက်တာက အခြေအနေတွေ ပိုဆိုးမသွားအောင် လုပ်နိုင်ပါတယ်။

ပုံမှန်အချိန်တွေမှာလည်း ပွင့်လင်းမှုရှိတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုပျော်စရာကောင်းစေပါတယ်။ ဒီအတွက် ကိုယ့်ချစ်သူနဲ့စကားပြောတဲ့အခါ တက်တက်ကြွကြွနဲ့ စိတ်ဝင်တစားနားထောင်ပေးဖို့ လိုအပ်သလို ကိုယ်ဘက်က နားမလည်ခဲ့ရင်လည်း ဆိုလိုချင်တာကို ရှင်းလင်းအောင်မေးဖို့ လိုပါလိမ့်မယ်။

(၄) မှန်မှန်ကန်ကန် ငြင်းခုံတာ

လူတော်တော်များများက ငြင်းခုံတာကို မကောင်းဘူးလို့ ထင်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ သမီးရည်းစားဆက်ဆံရေးတွေမှာ ငြင်းခုံတာတွေ ရန်ဖြစ်တာတွေက တစ်ယောက်နဲ့တစ်ယောက် ပြန်အဆင်ပြေဖို့ အခွင့်အရေးဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့အဖြေရအောင် ငြင်းခုံဖို့ ကြိုးစားတာမျိုး ဖြစ်ဖိုတော့လိုအပ်ပါတယ်။ နှစ်ယောက်ကြားက မတူညီမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ကိုပဲ အာရုံစိုက်ပြီး ကိုယ့်ဘက်က အနိုင်ရချင်စိတ်ကို လျှော့ဖို့ လိုပါတယ်။

(၅) ကတိတည်တာ

အချိန်တော်တော်ကြာကြာ လက်တွဲခဲ့ကြတဲ့ ဆက်ဆံရေးတွေမှာ ကတိတည်ဖို့ကလည်း အရေးကြီးပါတယ်။ ကတိကဝတ်ဆိုတာမှာ ခက်ခဲတဲ့အရာတွေကို အတူတူလုပ်ဆောင်ဖို့ ဆန္ဒရှိတာ၊ နှစ်ယောက်ရဲ့အနာဂတ်အတွက် ဇွဲရှိရှိနဲ့ ကြိုးစားအားထုတ်တာတွေ ပါပါတယ်။

ပျော်ရွှင်နေတဲ့ဆက်ဆံရေးတစ်ခုရဲ့ အဓိကအချက်က ချစ်သူတွေဟာ အချင်းချင်းစိတ်ချယုံကြည်မှုရှိကြပြီး ပြောထားတဲ့အတိုင်း လိုက်နာကြတာကြောင့်လို့ ဆိုပါတယ်။ ဒါမှသာ “ ဒီလူကို အားကိုးလို့ ရပါ့မလား။ အားကိုးသင့်ရဲ့လား။

သူငါ့ကိုပြောထားတဲ့ ကတိအတိုင်းတည်ရဲ့လား” ဆိုတာတွေ စဉ်းစားစရာမလိုမှသာ သံသယကင်းတဲ့ ရေရှည်ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။