ညဖက်မှာ ဘာအနှောင့်အယှက်မှမရှိဘဲ တချိုးတည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့ဟာ လူတိုင်းရဲ့ဆန္ဒတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အထူးသဖြင့် တစ်နေကုန် အလုပ်ကိစ္စ၊ ကျောင်းကိစ္စတို့နဲ့ သွားလာလှုပ်ရှားနေရလို့ ပင်ပန်းနေသူတွေပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်မတို့ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခန္ဓာမှာ အပြောင်းအလဲတွေဖြစ်လာလို့ မကြာခဏဆိုသလို အိပ်ရေးပျက်တာမျိုးတွေကို ညတိုင်းလိုလို ကြုံတွေ့နေရပါတယ်။

အိပ်ပျော်ဖို့အတွက်ကိုပဲ တချို့သူတွေဆို ဆေးသောက်မှအိပ်ပျော်တာမျိုး ဒါမှမဟုတ် တခြားနည်းလမ်းတွေကို အသုံးပြုရတာမျိုး စတဲ့ အခြေအနေတွေဟာ လူတချို့အတွက် ရွေးချယ်မှုတွေဖြစ်လာပါတယ်။ ဒီလိုနည်းလမ်းတွေက ရေရှည်အတွက် ဘယ်လိုမှမသင့်တော်လို့ ကျန်းမာရေးအတွက်ရော အိပ်စက်မှုအတွက်ကိုပါ ပိုပြီးတိုးတက်စေဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

အဲ့တာကတော့ ညဖက်အိပ်ရာဝင်တော့မယ်ဆိုရင် ညအိပ်ဝတ်စုံမပါဘဲ အိပ်စက်ခြင်းပဲဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေဆီကနေ ပြောပြချက်တွေအရ ဒီလိုမျိုးအိပ်တာက ကျွန်မတို့အတွက် ဘာတွေကောင်းသလဲဆိုတာကို အခုပဲ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

ညဖက်လန့်နိုးတာမျိုးမရှိစေဘူး

ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးမယ့် အဝတ်အစားတွေ မရှိတော့တဲ့အတွက်ကြောင့် အသားအရေအပူချိန်က မြန်မြန်ကျဆင်းလာပါလိမ့်မယ်။ ဒီလိုကျဆင်းမှုက သင့်ခန္ဓာကိုယ်ကို အနားယူချိန်ရောက်ပြီဆိုပြီး အချက်ပြပါလိမ့်မယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောကြားမှုအရတော့ အပူချိန်ဟာ သင့်ရဲ့အိပ်စက်မှု ကွာလတီပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်။ အကယ်လို့ သင့်ခန္ဓာကိုယ်က အပူချိန်လွန်ကဲလာမယ်ဆိုရင် ပူစပ်စပ်ကြီးနဲ့ ချွေးတွေထွက်လာကာ ညတစ်ရေးနိုး လန့်နိုးလာမှာဖြစ်လို့ အိပ်ရေးပျက်စေပါတယ်။

စိတ်ကျန်းမာရေးအတွက်ကောင်းတယ်

အိပ်ရေးပျက်ခြင်းနဲ့ Depression တို့ကြားမှာ ဆက်စပ်မှုရှိနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ လုံလောက်တဲ့အိပ်စက်မှုမရရှိဘူးဆိုရင် စိတ်ဖိစီးမှုတွေများလာမယ်၊ စိတ်ဂယောက်ဂယက်တွေဖြစ်လာမယ်၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေပါ ဖြစ်လာနိုင်ပါတယ်။ ညအိပ်ဝတ်စုံတွေမဝတ်ဘဲ အိပ်စက်ခြင်းဖြင့် အိပ်ရေးဝမယ်ဆိုရင်တော့ စိတ်ကျန်းမာရေးလည်း ပိုပြီးတိုးတက်လာပါလိမ့်မယ်။

ခန္ဓာကိုယ်အတွက်ကောင်းတဲ့ Brown Fat တွေ ပိုပြီးထုတ်လုပ်နိုင်စေတယ်

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အဆီနှစ်မျိုးရှိပြီး White Fat နဲ့ Brown Fat ဆိုပြီးခေါ်ပါတယ်။ White Fat ဆိုတာက ကျွန်မတို့ စိတ်အလိုလိုက်ပြီး အစားတွေအများကြီးစားပြီးနောက် ပေါင်၊ တင်ပါး၊ ဗိုက်တို့မှာ စုဝေးလာတဲ့ အပိုကယ်လိုရီတွေကို ခေါ်တာဖြစ်ပါတယ်။ Brown Fat ကတော့ သကြားနဲ့ White Fat တို့ကို တိုက်ဖျက်ပေးပြီး ခန္ဓာကိုယ်ကလိုအပ်တဲ့ စွမ်းအင်နဲ့ နွေးထွေးမှုကို ဖန်တီးပေးပါတယ်။

သုတေသနတစ်ခုအရ Brown Fat ဟာ သွေးထဲက အမီနိုအက်စစ်နဲ့ Valine တို့ကို စစ်ထုတ်ပေးခြင်းဖြင့် အဝလွန်ခြင်းနဲ့ ဆီးချိုဖြစ်နိုင်ခြေတို့ကို လျှော့ချပေးပါတယ်။ နိမ့်တဲ့အပူချိန်ဟာ Brown Fat ထုတ်လုပ်မှုကို အစပျိုးပေးလို့ ကိုယ်အလေးချိန်လျော့ချလိုပါက ဒီနည်းလမ်းကို စမ်းသုံးကြည့်ပါ။

Source: BrightSide