အားလုံးပဲ့ မဂ်လာပါနော်။ ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့ရင် ဘယ်လိုအကျိုးဆက်တွေ ခံစားရရှိမလဲဆိုတဲ့အကြောင်းအရာလေးကို ပြောပြပေးချင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့တဲ့နောက်ပိုင်းမှာတော့ ဘာလုပ်လုပ်စိတ်ဓာတ်တွေကျလာပြီး အလိုမကျတာတွေ ဖြစ်လာမှာပါ။ အလိုလိုနေရင်း အားငယ်စိတ်တွေဝင်လာနိုင်ပြီး ဘာကိုပဲဖြစ်ဖြစ် ငါမလုပ်နိုင်လောက်ဘူးဆိုတဲ့စိတ်တွေက အမြဲဝင်လာကာ အောင်မြင်မှုလမ်းစတွေပါ ပျောက်လာတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့တဲ့နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေက ဘာတွေလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်…

တစ်ယောက်တည်းနေချင်လာတယ်

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့တဲ့ နောက်ပိုင်းမှာ လူတွေနဲ့ကွဲထွက်ပြီး တစ်ယောက်တည်းပဲ့နေချင်လာပါတယ်။ အများနဲ့နေရတာထက် တစ်ယောက်တည်းနေရတာကို ပိုခုံမင်လာပြီး တစ်ယောက်တည်းပဲ့တွေးနေတတ်ပါတယ်။ တစ်ခုခုဆိုရင် အကောင်းဘက်ကမတွေးပဲ အမြဲတမ်းအဆိုးဘက်ကပဲတွေးပြီး ကြောက်ရွံ့နေတတ်ပါတယ်။

ယုံကြည်မှုကင်းမဲ့လာတယ်

တခြားသူတွေကိုလည်း အကောင်းမမြင်တော့ပဲ လူတွေကို အယုံအကြည်မဲ့လာပါတယ်။ တချို့တွေဆိုရင် မိသားစု၊ သူငယ်ချင်း၊ ချစ်သူတွေကိုပါ ယုံကြည်မှုကင်းမဲ့လာပါတယ်။ လောကမှာ ယုံကြည်ရတဲ့သူက တစ်ယောက်မှမရှိဘူးဆိုပြီး အားငယ်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ ဝင်လာနိုင်ပါတယ်။

ဂရုစိုက်မခံရဘူးလို့ ထင်လာတယ်

ဘယ်သူမှကိုယ့်ကိုဂရုမစိုက်ဘူးလို့ ထင်နေတတ်ပါတယ်။ ဒီလိုတွေ တွေးနေမယ်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့လည်း အဆင်မပြေ၊ ရည်းစားနဲ့လည်း အဆင်မပြေ ဖြစ်လာပါမယ်။ တစ်ယောက်ယောက်က ကိုယ့်ကိုဂရုစိုက်ပေးနေရင်တောင် သူ့ရဲ့ဂရုစိုက်မှုတွေက မလုံလောက်ဘူး၊ ဂရုမစိုက်ဘူးလို့ ထင်နေပါလိမ့်မယ်။ တကယ်တော့ ကိုယ့်အတွေးနဲ့ပဲ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးလာတယ်

ကိုယ့်ကိုယ်ကိုလည်း တဖြေးဖြေးနဲ့ ယုံကြည်မှုတွေပျောက်ဆုံးလာပါတယ်။ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခု မအောင်မြင်ရင် စိတ်ဓာတ်တွေက ဟိုးအောက်ဆုံးထိကိုထိုးကျပြီး နောက်တစ်ခေါက်ပြန်လုပ်ဖို့ကို ယုံကြည်မှုတွေမရှိတော့ပါဘူး။ ဘယ်အရာကိုပဲဖြစ်ဖြစ် ငါမလုပ်နိုင်ဘူး၊ ငါလုပ်ရင်ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးတွေ အများကြီးဝင်လာတတ်ပါတယ်။

စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဖြစ်လာတယ်

ဘာကိစ္စပဲဖြစ်ဖြစ် စိတ်တိုလွယ်၊ ဒေါသထွက်လွယ်ပြီး ကိုယ့်ခံစားချက်ကိုတောင် မထိန်းနိုင်တော့တဲ့အဆင့်ကို ရောက်လာတာတတ်ပါတယ်။ ကိစ္စသေးသေးလေးတွေကအစ အရမ်းပေါက်ကွဲပြီး ဒေါသထွက်နေတတ်ပါတယ်။ ဘာလုပ်လုပ်လည်း စိတ်မရှည်တော့ပါဘူး။ စိတ်မရှည်ပဲ တစ်ချိန်လုံးစိတ်တို ဒေါသထွက်နေမှတော့ ဘာလုပ်လုပ်လည်း အဆင်ပြေမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုပြန်ပြီး မနှိပ်စက်ပါနဲ့။  ကိုယ့်ကိုယ်ကို အမြဲတမ်းယုံကြည်မှုရှိရှိနဲ့နေပါ။