ကိုယ့်ကိုယ်ကိုယ် အေးချမ်းအောင် ထားဖို့ဆိုတာ အရင်ကထက် အရေးကြီးလာပါပြီ။ အခုခေတ်မှာက စိတ်ညစ်စရာက အများသား။ ရောဂါဘယတွေကလည်း ပေါများနဲ့ စိတ်ချမ်းသာအောင်မှ မနေနိုင်ရင် ဘယ်လိုလုပ် ရှင်သန်သက်ဝင်တဲ့ ဘဝဖြစ်မှာလဲ။

စိတ်ချမ်းသာအောင်နေနိုင်ဖို့ဆို အကျင့်ဆိုးတွေ ဖျောက်ဖျက်ပစ်ရပါမယ်။ အပြုသဘောဆောင်တဲ့ အကျင့်လေးတွေ မွေးယူရပါမယ်။ အခုပြောမယ့် နည်းလမ်းလေးတွေ လုပ်ပေးသင့်ပါတယ်။

(၁) ငြိမ်းအေးအောင်နေတဲ့ အကျင့်လုပ်ပါ

ပူပင်တတ်တဲ့စိတ်ကို ဒီနေ့ လက်မခံဘူးလို့ သံဓိဌာန်ချပြီး အေးအေးချမ်းချမ်း နေကြည့်တဲ့အကျင့် လုပ်ပါ။ မနက်ကို စောစောထပြီး တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ပြီး ဘာအကြောင်းမှ မစဉ်းစားဘဲ ကိုယ့်ရဲ့စိတ်အလျဉ်ကို စောင့်ကြည့်တဲ့အလေ့အကျင့်လေး မွေးပါ။

မနက်ဘက် လုပ်တတ်တဲ့ အကျင့်တွေထဲမှာ ၁၅ မိနစ်လောက် ဖြစ်ဖြစ် တိတ်ဆိတ်စွာ နေနိုင်မှုကို အစပျိုးကြည့်ပါ။ ကြွက်သားတွေကို လေ့ကျင့်ပေးသလိုပါပဲ။ စိတ်ကို ငြိမ်းချမ်းမှုအထုံနဲ့ ကျင့်သားရအောင် မွေးယူကြည့်ပါ။

(၂) အလုပ်လည်း လုပ် ၊ နားချိန်လည်း ပေးပါ

အိမ်ကနေ အလုပ်လုပ်ရတယ်ဆိုရင် အချိန်ဇယားကို သေချာဆွဲထားပါ။ အလုပ်ချိန်မှာ အလုပ်ကို စိတ်နှစ်လုပ်ပြီး ကိုယ့်ရဲ့ Personal အချိန်မှာ မိသားစုနဲ့အချိန်ပေးဖို့ ၊ ကိုယ်လက်ကျန်းမာရေးအတွက် လှုပ်လှုပ်ရှားရှား အားကစားလုပ်ဖို့ ၊ ဝါသနာပါတာလေးတွေ လုပ်ဖို့ စတဲ့စတဲ့ အပြုသဘောဆောင်တဲ့ လုပ်စရာလေးတွေအတွက် အချိန်သက်သက်ခွဲပေးထားပါ။ ကိုယ့်အိမ်ထဲမှာကို Self-Care လုပ်နိုင်မယ့် နေရာထားပြီး ကိုယ့်အတွက်ကို အချိန်ပြန်ပေးထားဖို့ မမေ့ပါနဲ့။

(၃) လည်ပင်းကို ဖြေလျှော့ပါ

ပြောချင်တာကတော့ အကြောအချဉ်တွေ တင်းအောင် ကြာကြာ ထိုင်တာမျိုး မလုပ်ပါနဲ့။ စိတ်ရော ရုပ်ပါ ညီညွတ်ကျန်းမာဖို့ဆို အကြာကြီးထိုင်တာ ၊ လှဲတာမျိုး မလုပ်ဘဲ လှုပ်လှုပ်ရှားရှား မျှမျှတတဖြစ်အောင် နေပါ။ သိပ်မပြင်းထန်တဲ့ အကြောလျှော့နည်းတွေ ၊ ယောဂတွေက အကောင်းဆုံးပါပဲ။

စိတ်လက်လည်း ကြည်လင်စေသလို လူလည်း ပေါ့ပါးလန်းဆန်းစေနိုင်လို့ ဖြစ်ပါတယ်။ အိမ်မှာ YouTube ကြည့်ပြီး ယောဂလုပ်တာ ၊ ရွရွပြေးလေ့ကျင့်ခန်း လုပ်တာမျိုးတွေ ပိုလုပ်ပေးသင့်ပါတယ်။

(၄) Scrolling လုပ်တာ နားပါ

ဖုန်းချည်း ပွတ်နေမိတာ ၊ Laptop ပဲ ဖွင့်ပြီး အလုပ်တွေ လုပ်နေမိတာ များရင်လည်း မျက်လုံးထိမယ်။ စိတ်ဖိစီးမှု ပိုများပါမယ်။ သတင်းတွေ ၊ Social Media နဲ့ ဖျော်ဖြေမှုတွေဆိုတာ တော်ရုံပဲ ကောင်းပါတယ်။

များများ ကြည့်လေလေ စိတ်ဖိအားပိုများလေလေပါပဲ။ ဒါကြောင့် ဖုန်းကို စည်းနဲ့ကမ်းနဲ့ အချိန် သတ်မှတ်ပြီး သုံးပါ။ ဆက်တိုက်ကြီး ဖုန်းကို Scrolling လုပ်တာမျိုး ရှောင်ပါလို့ အကြံပေးချင်ပါတယ်။