ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့ရဲ့ အသားအရေနဲ့ ကိုယ်ခန္ဓာကျန်းမာစေဖို့ စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ သစ်ကြားသီးလည်းပါဝင်ပါတယ်။ သစ်ကြားသီးဟာ ကိုယ်ခန္ဓာအတွင်းက ကိုလက်စထရောပမာဏကိုထိန်းညှိပေးနိုင်တာကြောင့် တစ်နေ့နှစ်လုံးလောက်စားပေးမယ်ဆိုရင် နှလုံးကျန်းမာရေးကိုအားဖြည့်ပေးနိုင်ပြီး အသားအရေအတွက်ပါအကျိုးကျေးဇူးရစေမှာဖြစ်ပါတယ်။ သစ်ကြားသီးတွေဟာအရသာကောင်းမွန်တဲ့အပြင် သူ့မှာပါဝင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေက အသားအရေ ကြည်လင်နုပျိုစေတဲ့အစွမ်းသတ္တိရှိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ သစ်ကြားသီးရဲ့ အသားအရေကျန်းမာရေးအတွက် အသုံးဝင်ပုံတွေအကြောင်းကိုဝေမျှပေးလိုက်ပါတယ်။

၁။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုဖြစ်ခြင်းကိုတားဆီးပေးတယ်

သစ်ကြားသီးမှာအခြားသောအစေ့အဆံတွေထက် Antioxidants ပါဝင်မှုပိုများပြီး သူ့မှာပါတဲ့ Antioxidants က နေလောင်ဒဏ်နဲ့ပတ်ဝန်းကျင်ကအညစ်အကြေးတွေကနေတစ်ဆင့် အသားအရေပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တာကြောင့် အချိန်အတော်ကြာနုပျိုစေပါတယ်။ သစ်ကြားသီးမှာကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင် B ဓာတ်ဟာလည်း ကျန်းမာတဲ့ အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်နိုင်ဖု့ိ အထောက်အပံ့ဖြစ်ပါတယ်။

၂။ အသားအရေကို အစိုဓာတ်ရစေတယ်

သစ်ကြားသီးမှာ အသားအရေကောင်းမွန်စေတဲ့ သဘာဝအဆီဓာတ်တစ်မျိုးဖြစ်တဲ့ Omega 3 အာနိသင်တွေ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာအတွင်း Omega 3 လုံလုံလောက်လောက်ရရှိခြင်းက အရေပြားအဆီထုတ်လုပ်မှု ပမာဏကိုဟန်ချက်ညီစေတဲ့အပြင် အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် အရေးအကြောင်းကင်းပြီး အစိုဓာတ်ပြည့်ဝတဲ့အသားအရေကိုရရှိစေပါတယ်။

၃။ ဝက်ခြံစုပြုံထွက်ခြင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်

သစ်ကြားသီးမှာပါဝင်တဲ့အဆီအနှစ်တွေက အရေပြားယားယံခြင်းနဲ့ နီမြန်းခြင်းတွေကိုသက်သာစေတာကြောင့် သင့်အသားအရေကိုစိုပြေစေပြီး ဝက်ခြံလျော့ပါးစေပါတယ်။

၄။ မျက်ကွင်းညိုခြင်းနဲ့ မျက်အိတ်ဖောင်းခြင်းဖြစ်စဉ်တွေကိုလျှော့ချပေးနိုင်တယ်

သစ်ကြားသီးမှာ မျက်ကွင်းညိုခြင်းကိုသက်သာစေတဲ့ ဗီတာမင် E ဓာတ်တွေပါဝင်ပါတယ်။ ဒါ့အပြင် အိပ်ရာထတဲ့အချိန် မျက်အိတ်ဖောင်းတတ်တဲ့ပြဿနာကိုလည်းသက်သာစေတာကြောင့် မနက်ပိုင်းတွေမှာ သစ်ကြားသီးလက်တစ်ဆုပ်စာခန့်စားသုံးဖို့အကြံပြုချင်ပါတယ်။

၅။ ဦးရေပြားပိုမိုကျန်းမာစေပြီး ဆံပင်အုံထူလာစေတယ်

သစ်ကြားသီးစားသုံးပေးခြင်းက သင့်ဦးရေပြားအတွင်းပိုင်းနဲ့ မွှေးညှင်းပေါက်တွေကိုအားဖြည့်ပေးနိုင်တဲ့ အဆီအနှစ်တွေရရှိစေတာကြောင့် ဗောက်ထပြီးခေါင်းယားခြင်းနဲ့ ဆံပင်ကျွတ်ခြင်းစတဲ့ ပြဿနာတွေကနေ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

Photo Source: Brightside.me