မြင်းမြီးပုံ ဆံပင်စည်းနည်းက အလွယ်ကူဆုံးနဲ့ လက်တွေ့အကျဆုံး ဆံပင်စည်းနည်းပဲဖြစ်ပါတယ်။ အိမ်မှာ အိမ်နေရင်းဝတ်စုံလေး ဝတ်ပြီးပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက် လျှောက်လည်တဲ့အချိန်ပဲဖြစ်ဖြစ် စင်မြင့်ထက်မှာ ပွဲတက်ဝတ်စုံနဲ့ပဲဖြစ်ဖြစ် ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ပါပဲ။

ထိုကဲ့သို့သော ဆံပင်စတိုင်လ်မျိုးမှာလည်း အားနည်းချက် ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ သင့်အနေနဲ့ မြင်းမြီးပုံ ဆံပင်စတိုင်လ်ကို အစည်းများမယ်ဆိုရင် အခုဖော်ပြပါ လက္ခဏာများကို ကြုံတွေ့ခံစားရနိုင်ပါတယ်။

ခေါင်းကိုက်ခြင်း

ဆံပင်ကို ခပ်မြင့်မြင့် စည်းတင်လိုက်တဲ့အခါ ဆံပင်မွှေးညှင်းပေါက်လေးတွေက သူတို့ကို ဆွဲတင်းထားရသလို ဖြစ်သွားပြီး ခေါင်းကိုက်ခြင်းကို စတင်ခံစားရနိုင်ပါတယ်။

ဦးရေပြား ရောင်ရမ်းခြင်း

ဆံပင်မွှေးညှင်းပေါက်လေးတွေ နာကျင်လာတဲ့အခါ သင့်ရဲ့ဦးရေပြားလည်း နာကျင်လာမှာဖြစ်ပြီး ကြာရင် ဦးရေပြား ပျက်စီးသွားတတ်ပါတယ်။

ခါးနာခြင်း

အထူးသဖြင့် ဆံပင်အုံထူသူများက ဆံပင်ကို မြင့်မြင့်စည်းထားတဲ့အခါ လည်ပင်းနှင့် ခါးတစ်လျှောက် နာကျင်တတ်ပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ အာရုံခံ နာ့ဗ်ကြောများက ခါးကျောရိုးကို လှုံ့ဆော်လိုက်တဲ့အတွက်ကြောင့် နာကျင်မှု ကူးစက်သွားခြင်းပဲဖြစ်ပါတယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု မြန်ဆန်ခြင်း

ဆံပင်ကို တင်းကြပ်နေအောင် စည်းထားတဲ့အခါ အသားအရေရဲ့တင်းရင်းမှုကလည်း အားနည်းသွားပြီး အချိန်ကြာတဲ့အခါ ပါးရေတွန့်ခြင်း၊ အရေးအကြောင်း ပေါ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ဆံကေသာ ပျက်စီးခြင်း

မြင်းမြီးဆံပင်ကို ကြာကြာစည်းထားတဲ့အခါ ဆံပင်ရဲ့ပွတ်မှုအား မြင့်မားလာပြီး ဆံပင်ဖြည်လိုက်တဲ့အခါ ဆံပင်ငြိခြင်း၊ ရှုပ်ထွေးခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

ဆံပင် ကျိုးကျေလွယ်ခြင်း

ဆံပင်ကို တင်းတင်းစည်းထားတဲ့အခါ ဆံပင်ရဲ့ခံနိုင်အားက လျော့ကျသွားပါတယ်။ အချိန်ကြာကြာ စည်းထားလေ ဆွဲဆန့်အားက လျော့ကျလေဖြစ်ပြီး အိပ်နေစဉ် စည်းထားပါက ပိုဆိုးပါတယ်။

ထိပ်ပြောင်ခြင်း

ဆံပင်ကို နောက်ပြန်လှန်ပြီး စည်းထားတဲ့အခါ ဦးခေါင်း အရှေ့ခြမ်းက ဆံပင်တွေက ကျွတ်သွားပြီး ကြာတဲ့အခါ ထိပ်ပြောင်ခြင်းကို ခံစားရနိုင်ပါတယ်။

သင့်အနေနဲ့ အထက်ဖော်ပြပါလက္ခဏာများကို ခံစားရပါက မြင်းမြီးပုံဆံပင်စည်းခြင်းကို ရပ်တန့်သင့်ပါပြီ။

Source: Brightside.me