Squat ကစားတာဟာ အောက်ပိုင်း Lower Body Workout လို့ ခေါ်ကြပေမယ့် တကယ်တမ်းတော့ ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် အဘက်ဘက်က ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။

Squat ကစားမှုပေါ်လိုက်ပြီး ရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက အများကြီးပါ။ အများစုက Squat ကို အကြိမ်ရေ စံချိန်သတ်မှတ်ပြီး ကစားတာမျိုးတော့ မလုပ်ကြပါဘူး။

Workout ကို အလေးအနက် စွဲစွဲမြဲမြဲကစားသူတွေထဲမှာပဲ တစ်ရက်ကို Squat ၁၀၀ ကနေ ၅၀၀ အထိ ကစားကြပါတယ်။ ပုံမှန် Squat ၁၀၀ ကစားသူဟာ ကိုယ်အလေးချိန် ကျလာပြီး ကိုယ်ရည်စစ်သွားသလို အောက်ပိုင်း ကြွက်သားတွေ တောင့်တင်းသန်စွမ်းလာမှာ ဖြစ်ပါတယ်။

Body Fat အနေနဲ့ Squat ၁၀၀ ပုံမှန် ကစားသူဟာ တစ်နာရီ ကယ်လိုရီ ၁၀၀၀ ကျော်အထိ လောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပါတယ်။ ၁၀ မိနစ်တိုင်း Squat ကစားမှုကနေ ကယ်လိုရီ ၁၆၇ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

ဘော်ဒီတည်ဆောက်မှုပိုင်းမှာလည်း ခြေသလုံး ၊ ကြွက်သား ၊ တင်ပါး ၊ ပေါင် နဲ့ ပေါင်အတွင်းကြွက်သားတွေလည်း ကြံ့ခိုင်သန်စွမ်းသလို တောင့်တင်းသန်မာမှု တက်လာမှာပါ။ နောက်ထပ် ကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့ Squat ကစားတာဟာ သက်လုံပိုမြှင့်တင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

Squat ဟာ အောက်ပိုင်း ကြွက်သားတွေသန်စွမ်းစေတဲ့အပြင် သွေး ၊ နှလုံး နဲ့ အဆုတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုကောင်းလာတာကြောင့် သက်လုံနဲ့ ခံနိုင်ရည်ပိုတက်လာနိုင်စွမ်း ရှိလာပါတယ်။ အမောအပန်းခံနိုင်ပြီး Cardio ကောင်းလာတာကြောင့် လူလည်း ပိုပြီး ပေါ့ပါးလာမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ နောက်ကျောနဲ့ပုခုံးကြွက်သားတွေလည်း ပိုပြီး သန်စွမ်းကြံ့ခိုင်လာမှာပါ။ Body Posture ပိုင်း ဟန်ချက်မျှ မှန်ကန်မှုကိုလည်း Squat ကစားတာက အထောက်အပံ့ပေးနိုင်ပါတယ်။

တစ်ရက် Squat ၁၀၀ ကစားတာနဲ့အမျှ လူရဲ့ ကိုယ်နေဟန်ထား Posture ဟာ ပိုပြီး ကြံ့ခိုင်တောင့်တင်းလာနိုင်ပါတယ်။ အောက်ပိုင်းနဲ့ ကျောဘက် လည်ကုပ်ကြွက်သားတွေ သန်စွမ်းတာကြောင့် လူရဲ့ဟန်ချက်နဲ့ ပုံဟန်လည်း ပိုပြီး တည်ငြိမ်မှု ရှိလာမှာ ဖြစ်ပါတယ်။

ကြွက်သားနဲ့ ဦးနှောက်အတွင်း သွေးစီးဆင်းမှု ပိုကောင်းလာလို့ နှလုံးရောဂါအဖြစ်နည်းစေသလို မကောင်းတဲ့ ကိုလက်စထရောဖယ်ရှားပေးပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ စိတ်ခံစားချက်လည်း ပိုကောင်းလာရာကနေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ပေါင်းသင်းဆက်ဆံရေးပိုင်းလည်း ပိုလို့ ကောင်းမွန်လာနိုင်ပါတယ်။

ညဘက်တွေမှာ ပိုလို့ အိပ်ကောင်းလာနိုင်တာကြောင့် စိတ်လက်ကြည်လင်ပြီး ခွန်အားပြည့်နေတယ်လို့ ခံစားရစေမှာ ဖြစ်ပါတယ်။