မနက်စောစော ရေတစ်ဖန်ခွက်သောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ဘယ်လို အံ့မခန်းအကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

မနက်စောစော ရေသောက်ခြင်းဟာ ဆီးမှန်ဝမ်းမှန်စေပြီး တစ်ညတာလုံး စားထားတဲ့အစားစာတွေနဲ့ ခန္ဓာကိုယ်အတွင်းက အပူအပုပ်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။

အစာအိမ် အူနံရံမှာ တွယ်ကပ်နေတဲ့ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကိုလည်း ဆီးဝမ်းအဖြစ် စွန့်ထုတ်ကာ အဆိပ်အတောက်များကို ဖယ်ရှားပေးတာဖြစ်ပါတယ်။

တစ်ညတာလုံး အိပ်စက်ထားတဲ့အတွက် ခန္ဓာကိုယ်မှာ ချွေးနဲ့ ရေဓာတ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတတ်ပါတယ်။ ကားတွေရဲ့ အင်ဂျင်လည်ပတ်မှုကောင်းစေဖို့ အင်ဂျင်ဝိုင်ထည့်ရသလို ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင် ရေဓာတ်ပြန်လည် ဖြည့်တင်းပေးရတာဖြစ်ပါတယ်။

မနက်စောစောရေသောက်ခြင်းဟာ ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ ရေဓာတ်ပမာဏကို ပြန်လည်ဖြည့်တင်းပေးတာကြောင့် Energy တွေ ပြန်လည်ပြည့်ဝလာကာ ကိုယ်ခံအားကောင်းစေပြီး ရောဂါဘယများအလွယ်တကူ ဝင်ရောက်နိုင်ခြင်းမှ ကာကွယ်ပေးမှာဖြစ်ပါတယ်။

ရေသောက်များတဲ့သူတွေရဲ့ အသားအရေဟာ သာမာန်လူတွေထက်စာရင် ပိုပြီးကြည်လင်လှပတာကိုတွေ့ရပါတယ်။ မနက်စောစောရေသောက်ခြင်းဟာ သဘာဝနည်းအတိုင်း ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးတာ ဖြစ်တဲ့အတွက် အသားအရေကြည်လင်လှပလာစေတာ ဖြစ်ပါတယ်။

မနက်စောစောရေတစ်ခွက်သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ကိုယ်တွင်း ကလီစာတွေသာ သန့်စင်ပေးရုံသာမက ခံတွင်းအနံ့ဆိုးတွေ ထွက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရေဓာတ်နည်းပါးရင် ခံစားရတတ်တဲ့ မူးဝေခြင်း စိတ်မလန်းမဆန်းဖြစ်ခြင်းများကိုလည်း မနက်ခင်းသောက်တဲ့ ရေတစ်ဖန်ခွက်က ကောင်းစွာဖြေရှင်းကုသပေးမှာဖြစ်ပါတယ်။

မနက်ခင်းအစားမစားခင် ရေတစ်ခွက်ပုံမှန်သောက်သုံးပေးမယ်ဆိုရင် လအနည်းငယ်ကြာတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေဟာ သိသိသာသာနဲ့ ကောင်းမွန်လာတာကို မြင်တွေ့ရမှာဖြစ်ပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

မနက်ခင်းရေသောက်ခြင်းဟာ အဆာခံနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းနေသူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။