မင်္ဂလာပါပျိုမေတို့ရေ။ မိန်းကလေးအများစုမှာ ဆယ်ကျော်သက်အချိန်က ဟော်မုန်းနဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေ ဖြစ်တတ်တဲ့အရွယ်လို့ ပြောလို့ရပါတယ်နော်။ ဒီလိုအရွယ်ကတည်းက အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်မမျှဘဲ ဝိတ်များနေသလို ခံစားရရင် ကိုယ်ရည်စစ်သွားအောင် ဝိတ်ချဖို့ကြိုးစားကြည့်တာ အကောင်းဆုံးပါပဲ။ ငယ်သေးတဲ့အချိန်က ဝိတ်ကျဖို့ပိုလွယ်သလို အသက်ကြီးမှ အဆီတွေစုမနေအောင် ထိန်းပြီးသားလည်းဖြစ်တာမို့ ဒီတစ်ခေါက်မှာ ဝိတ်ချချင်တဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ သိထားသင့်တဲ့ Weight Loss Tips လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မနက်စာပုံမှန်စားပါ


တစ်နေ့ကုန် Energy ရှိဖို့ မနက်စာပုံမှန်စားဖို့လိုပါတယ်နော်။ မနက်စာစားမှ အစာခြေစနစ်ပုံမှန်ဖြစ်ပြီး ဦးနှောက်ကလည်း ပုံမှန်အလုပ်လုပ်နိုင်မှာပါ။ ဒါ့အပြင် မနက်စာအခံရှိတာက ဗိုက်ခဏခဏမဆာအောင် ထိန်းပြီးသားဖြစ်တာမို့ အာဟာရပြည့်တဲ့ မနက်စာကို အိပ်ရာထပြီး တစ်နာရီမှ တစ်နာရီခွဲအတွင်း စားပေးပါ။

၂။ ဆိုဒါနဲ့ သရေစာမုန့်တွေ လျှော့စားပါ


ဆိုဒါနဲ့ သရေစာမုန့်တွေက ဆယ်ကျော်သက်အရွယ်တွေရဲ့ အကြိုက်ပါပဲ။ ဒါပေမယ့် ဒီအရွယ်ကတည်းက အချိုစားတာကို တတ်နိုင်သလောက်လျှော့ပေးမှ ဝိတ်ထိန်းပြီးသားဖြစ်မှာပါ။ ပျင်းပြီးစားမှန်းမသိစားမိတာမျိုး မဖြစ်အောင် အိမ်မှာဝယ်ထားတာတွေ မလုပ်ရင်အကောင်းဆုံးပါပဲ။ ဆိုဒါအချိုရည်တွေအစား ရေအစားထိုး သောက်တတ်တဲ့အကျင့်ရအောင် ကြိုးစားကြည့်ပါနော်။ သရေစာအစား အသီးအနှံများများ စားတာမျိုး လုပ်သင့်ပါတယ်။

၃။ ဖြေးဖြေးချင်းစားတတ်အောင် အကျင့်လုပ်ကြည့်ပါ


ကိုယ်ဗိုက်ဝတဲ့အချိန်သိဖို့ ဖြေးဖြေးစားဖို့လိုပါတယ်။ ပန်းကန်အရွယ်အစားချုံ့ပြီး နည်းနည်းချင်းစီ လိုအပ်မှထည့်စားတာမျိုး လုပ်ကြည့်ပါ။ ဒီလိုလေးတွေ အကျင့်လုပ်ထားတာက သက်သက်အစား လျှော့စားနေစရာမလိုဘဲ ဝိတ်ထိန်းနိုင်အောင် ကူညီပေးပါလိမ့်မယ်။

၄။ လှုပ်လှုပ်ရှားရှားလေးနေပါ


ဆယ်ကျော်သက်အရွယ်က ပေ့ါပေါ့ပါးပါးနဲ့ သွားလာနေဖို့ အကောင်းဆုံးအရွယ်ပါ။ သီးသန့် လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်အောင် လမ်းလျှောက်တာ၊ ပြေးတာလေးတွေလုပ်ပြီး တစ်နေ့တာအတွင်း ခန္ဓာကိုယ်ကို လှုပ်ရှားနေပေးဖို့လိုပါတယ်။

၅။ အချိန်မှန်မှန် အိပ်ပါ


အိပ်ချိန်မမှန်ရင်လည်း ဝိတ်တက်စေတာမို့ ဝိတ်ကျချင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး အိပ်ဖို့ိလိုပါတယ်နော်။ ဆယ်ကျော်သက်အရွယ်ကတည်းက အိပ်ချိန်မမှန်တာက ဝိတ်တက်မြန်စေသလို အသားအရေကိုပါ ထိခိုက်စေမှာပါ။

၆။ အိမ်ကို ဝိတ်ချနေတဲ့အကြောင်းအသိပေးလိုက်ပါ


ဆယ်ကျော်သက်တွေမှာ စားချင်ရာစားဖို့ပြင်တိုင်း ထိန်းကွပ်ပြီး အကြံပေးမယ့်သူတွေရှိရင် ပိုကောင်းပါတယ်။ ဒါကြောင့်မို့ ဝိတ်ချပြီးအလေ့အကျင့်တွေပြောင်းမယ်လို့ ဆုံးဖြတ်ပြီးရင် ကိုယ်အိမ်ကလူတွေကို ပြောပြလိုက်ပါ။ အဆီအစိမ့်နည်းတာတွေ ချက်ဖို့အတွက်လည်း အိမ်ကို အကူအညီတောင်းကြည့်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar