ဝင်ငွေနဲ့ထွက်ငွေက မမျှဘူး… အကုန်ကျတွေများနေတယ်လို့ သင်ငြီးဖူးလား ? ဒါဆို သင့်ရဲ့ပိုက်ဆံတွေကို အပိုဖြုန်းမိနေလားဆိုတာသိရဖို့ ဒီအချက်တွေကို ပြန်စစ်ကြည့်ပါ။

နေ့တိုင်းအပြင်ထွက်စားတာ

တစ်ခါတစ်လေမှ စားသောက်ဆိုင်မှာ အပြင်ထွက်စားတာ ဒါမှမဟုတ် ပျင်းတဲ့တနင်္ဂနွေမှာ မှာစားတာ ကောင်းပါတယ်။ ဒါပေမယ့် အမြဲတမ်းစားနေရင်တော့ ငွေကုန်ကြေးကျ များပါလိမ့်မယ်။

အွန်လိုင်းပေါ်ကဈေးဝယ်တာ

အခုဆို အွန်လိုင်းပေါ်မှာ Live ရောင်းတာတွေ ၊ အလွယ်ဝယ်လို့ရတဲ့ Online Shop တွေကနေ လိုချင်တာတွေ့တိုင်း မစဥ်းစားဘဲ ခနခနဝယ်တာတွေက နည်းနည်းချင်းစီကနေစုလိုက်ရင် အများကြီးဖြစ်တာမလို့ အွန်လိုင်းပေါ်ကနေ တွေ့တိုင်း အလွယ်မဝယ်ပါနဲ့။

အစားအသောက်တွေအများကြီးဝယ်တာ

တချိုက အစားအသောက်ဝယ်ရင် လောဘကြီးတတ်ပါတယ်။ ဒါပေမယ့် ဝယ်ပြီးမစားမိတဲ့အခါ ရက်ကျော်လို့ လွှင့်ပစ်ရတာတွေက မဖြစ်သင့်တဲ့ ငွေကြေးဖြုန်းတီးမှုပါပဲ။

Credit Card အတိုးပေးရတာ

သင်က အကြွေးဝယ်ကဒ်သုံးတယ်ဆိုရင် ပုံမှန်ဆပ်ပါ။ ရက်ကျော်သွားလို့ပေးရတဲ့ အကြွေးဝယ်ကတ်အတိုးတွေက မဖြစ်သင့်တဲ့ ငွေယိုစီးမှုတွေပါ။

ဟန်ပြဖို့သုံးတာ

ခေတ်နဲ့အမှီလိုက်ဖို့ ပစ္စည်းတွေ အမြဲဝယ်နေတယ်ဆိုရင် အခုချိန်ကစပြီး သေချာပြန်စဥ်းစားပါ။ တကယ် လိုအပ်ပါတာလား ? ဒါမှမဟုတ် သူငယ်ချင်းတွေအထင်ကြီးစေဖို့ ဝယ်မှာလား ? ဈေးကြီးတဲ့ တစ်ခုခုကို ဝယ်တော့မယ်ဆိုရင် လူတွေကို အထင်ကြီးအောင် လုပ်နေတာလားလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ လိုအပ်တာမဟုတ်‌ရင် မဝယ်ပါနဲ့။