အချိန်တန်အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်ကြတဲ့အခါ နေရာရဖို့ အောင်မြင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားကြပေမယ့် ကြိုးစားသလောက်အရာမထင်တဲ့အခါမျိုးတွေမှာ ငါပိုကြိုးစားလုပ်​​ဆောင်​​နေတာ​တောင်​ ငါဘာလို့ပိုဆိုး​နေတာလဲ” ဆိုတဲ့ အတွေးတွေဝင်လာတဲ့အခါ စိတ်ဓာတ်တွေကျလာပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းပေါ် သံသယဝင်လာကြပါတယ်။

တစ်ခါတစ်လေမှာ အလုပ်ဖြစ်အောင် ကိုယ့်ကိုယ်ကို အတင်းတွန်းအားပေးတာက  အဖြေမဟုတ်ပါဘူး။ ကိုယ့်ရဲ့အကျင့်စရိုက်နဲ့ လုပ်ငန်းခွင်သဟဇာတဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။

အလုပ်ကို သင့်အကျင့်စရိုက်နဲ့ ချိန်ညှိပါ

အလုပ်လုပ်တဲ့အခါ လုပ်ရတဲ့အလုပ်နဲ့အတူ သင့်ရဲ့အကျင့်စရိုက်ကို ချိန်ညှိလုပ်ဆောင်တာက လုပ်ငန်းခွင်မှာ တည်ငြိမ်ပြီး အောင်မြင်ဖို့အတွက် အထောက်အပံ့တစ်ခုအဖြစ် အခြေခံအုတ်မြစ်ကို ဖန်တီးပေးနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ အများနဲ့ဆက်ဆံကြတဲ့အခါ အများနဲ့လုပ်ရတဲ့အခါ စကားပြောသံ ဆူညံသံတွေက extrovert သများတွေအတွက်တော့ ပျော်ရွှင်မှုနဲ့ အာရုံစူးစိုက်မှုကို မထိခိုက်ဘဲ လွယ်ကူချောမွေ့ စေနိုင်ပေမယ့် Anxious သမားတွေအတွက်တော့ အခက်တွေ့နိုင်ပါတယ်။

ဒါကြောင့် အနှောင့်အယှက် ဆူညံသံတွေ မခံစားနိုင်ဘူးဆိုရင် တိတ်တိတ်ဆိတ်ဆိတ်လုပ်နိုင်ဖို့ တိတ်ဆိတ်တဲ့နေရာမျိုးကိုရွေးပါ။ နေရာရွေးဖို့အဆင်မပြေဘူးဆိုရင်တော့ ဆူညံသံကိုတာဆီးပေးမယ့် နားကြပ်တို့လို အရာမျိုးကို အသုံးပြုပေးပါ။

ဒီလို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလိုက်ရင် အလုပ်အပေါ် အာရုံစူးစိုက်မှုအားကောင်းပြီး အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် သင့်ရဲ့အကျင့်စရိုက်ကို အတင်းပြောင်းလဲ တာထက် ပိုမိုလွယ်ကူပြီး လက်တွေ့ကျပါတယ်။

သင့်အလုပ်ပတ်ဝန်းကျင်ကို ပြန်စဉ်းစားပါ။

မပျော်ရွှင်ရတဲ့လုပ်ငန်းခွင် အဆင်မပြေတဲ့လုပ်ငန်းခွင်မှာရှိနေပြီဆိုရင် အဆိပ်အတောက်ဖြစ်စေတဲ့ ဒီလုပ်ငန်းခွင်ကြောင့်  အိပ်ရေးမဝတာ၊ အာရုံစူးစိုက်ရခက်ခဲတာ၊  စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို အချိန်ကြာလာတာနဲ့အမျှ ခံစားရနိုင်ပါတယ်။ အလုပ်လုပ်ချိန်များတာ၊ လစာနည်းတာ၊ လုပ်ပိုင်ခွင့်မရှိတာ စတဲ့ အချက်တွေကလည်း လုပ်ငန်းခွင်မှာ သင့်ရဲ့စွမ်းဆောင်ရည်ကျဆင်းသွားတာရဲ့ အဓိကအကြောင်းအရင်း တွေလည်း ဖြစ်ပါတယ်။

ဒါကြောင့် ခုလက်ရှိရောက်နေတဲ့ လုပ်ငန်းခွင်က သင့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ လုပ်ငန်းခွင်ဟုတ်မဟုတ် သေချာစမ်းစစ်ကြည့်ပါ။ ဟုတ်နေရင်တော့ ရုံးထွက်ဖို့ကြိုးစားပါ။  ဘယ်လောက်ဘဲ ပင်ပင်ပန်းပန်းလုပ်နေရပါစေ အဆိပ်အတောက်ဖြစ်စေတဲ့လုပ်ငန်းခွင်က သင့်အတွက် အကျိုးရှိမှာမဟုတ်ပါဘူး။