မနက်အိပ်ယာနိုးတာနဲ့ ခေါင်းကြည်လင်ပြီး စိတ်ခံစားချက်ကောင်းနေမှာ တစ်နေကုန်လန်းဆန်းပြီး ပျော်ရွှင်မယ်၊ အလုပ်လုပ်ရတာပဲဖြစ်ဖြစ်၊ စာလုပ်ရတာပဲဖြစ်ဖြစ် စိတ်ကြည်လင်ပြီး တက်ကြွနေပါမယ်။ အိပ်ယာနိုးတာနဲ့ ခေါင်းမကြည်မလင်ဖြစ်နေရင် နေရတာလည်း နုံးပြီး စိတ်တိုမယ်၊ ဘာလုပ်လုပ်လည်း စိတ်မရှည် အဆင်မပြေတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မနက်ခင်းတိုင်းမှာ ခေါင်းကြည်လင်ပြီး စိတ်ခံစားချက်ကောင်းကောင်းနဲ့ နိုးထနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးဝဖို့အတွက် ညဘက်တွေမှာ စောစောအိပ်ဖို့လိုပါတယ်။ စောစောအိပ်မှ အိပ်ရေးဝပြီး မနက်ဆိုလည်း အချိန်မှန်မှန် စောစောထနိုင်မယ်၊ ကိုယ်လုပ်စရာရှိတာတွေ အေးဆေးလုပ်နိုင်မယ်။ မနက်ခင်းတိုင်းမှာ ခေါင်းကြည်လင်ပြီး စိတ်ခံစားချက်ကောင်းကောင်းနဲ့ နိုးထနိုင်ပါမယ်။

စိတ်ညစ်စရာတွေမတွေးပါနဲ့

စိတ်ညစ်စရာ၊ စိုးရိမ်ပူပန်စရာတွေကို တွေးနေရင် တော်ရုံနဲ့အိပ်မပျော်ပါဘူး။ အိပ်ပျော်သွားရင်လည်း ခဏခဏ လန့်နိုးတတ်ပါတယ်။ ကောင်းကောင်းမအိပ်ရတော့ အိပ်ရေးပျက်ပြီး ခေါင်းမကြည်တော့ပါဘူး။ မနက်ဆိုလည်း အိပ်ယာနိုးတာနဲ့ ဒီစိတ်ညစ်စရာတွေက ခေါးထဲဝင်လာပြီး စိတ်ညစ်သွားရင် တစ်နေကုန်လုံး စိတ်ညစ်နွမ်းနေတော့မှာပါ။ ဒါကြောင့် စိတ်ညစ်စရာတွေမတွေးပါနဲ့။

အရက်အလွန်အကျွံမသောက်ပါနဲ့

အထူးသဖြင့် ညဘက်မှာ အရက်ကို အလွန်အကျွံသောက်ရင် မနက်မိုးလင်းလို့ အိပ်ယာနိုးတာနဲ့ လုံးဝခေါင်းမကြည်ပါဘူး။ ဒါကတော့ သောက်ဖူးတဲ့သူတိုင်းလည်း သိမှာပါ။ နေရတာ လုံးဝအဆင်မပြေပဲ ထိုင်မှိုင်းပြီး ခေါင်းမူးမယ်၊ နေရတာ မအီမသာဖြစ်ပါမယ်။ ဒီလိုဖြစ်နေရင် ဘယ်သူမှ စိတ်ခံစားချက် မကောင်းတော့ပါဘူး။

အိပ်တဲ့အခါသက်တောင့်သက်သာရှိဖို့

အိပ်ယာက သန့်ရှင်းမှုရှိဖို့လိုသလို၊ အိပ်ရတာလည်း သက်တောင့်သက်သာရှိဖို့ လိုပါတယ်။ ဒါမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာပါ။ အိပ်ယာမသန့်ရင် ယားတာမျိုး၊ စိတ်ရှုပ်တာမျိုးဖြစ်ပြီး အိပ်ရေးပျက်ပါလိမ့်မယ်။ အိပ်ယာက သက်တောင့်သက်သာမဖြစ်ရင်လည်း မိုးလင်းလို့ အိပ်ယာနိုးတာနဲ့ ကိုယ်လက်မအီမသာဖြစ်တာမျိုး၊ နုံးချိနေတာမျိုး ဖြစ်တတ်ပါတယ်။