အားလုံးပဲ မင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ ဆံပင်အတွက် Almond ဆီ လိမ်းတတ်တဲ့သူတွေရှိလား။ အယ်လ်မွန်စေ့ကရရှိတဲ့ ဒီသဘာဝအဆီမှာ ဆံသားအစိုဓာတ်ဖြည့်ပြီး နူးညံ့စေတဲ့ Vitamin E နဲ့ Magnesium ဓာတ်တွေပါဝင်နေတာမို့ ဆံသားခြောက်တတ်သူတွေအနေနဲ့ ပုံမှန်လိမ်းသင့်တဲ့ Hair Oil တစ်မျိုးလို့ ပြောလို့ရပါတယ်။ ဒ့ါအပြင် သုံးတတ်ရင်သုံးတတ်သလို ဆံပင်ကျွတ်သက်သာပြီး အုံထူထူလေးပြန်ရဖို့ပါ ကူညီပေးနိုင်တာမို့ ဒီတစ်ခေါက်မှာ ဆံပင်ကျွတ်သက်သာဖို့အတွက် Almond ဆီသုံးပြီး ဆံသားထိန်းသိမ်းနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Almond ဆီနဲ့ တစ်ခေါင်းလုံးနှိပ်နယ်မယ်


ကျွတ်ထွက်ပြီး ဆုံးရှုံးသွားတဲ့ ဆံသားအတွက် ပြန်ထွက်တာမြန်ဖို့ဆိုရင် ဦးရေပြားတွင်း သွေးလည်ပတ်မှုကောင်းနေဖို့ အဓိကပါပဲ။ ခေါင်းကို ဆီနဲ့နှိပ်နယ်ပြီးလိမ်းပေးတာက ဦးရေပြားအတွင်းထဲထိ အစိုဓာတ်စိမ့်ဝင်စေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဒီ့အတွက် Almond ဆီကို မလိမ်းခင် ခပ်နွေးနွေးလေးရတဲ့အထိ အပူပေးပါ။ ဆံပင်အထုံးတွေကို အရင်ရှင်းပြီး ဦးရေပြားပေါ် ဆံကြောင်းတစ်ကြောင်းချင်း ဖြေးဖြေးချင်းနှိပ်နယ်ကာ နှံ့အောင်လိမ်းပေးပါ။ ခေါင်းမလျှော်ခင် သုံးနာရီအလိုလောက်က လိမ်းပြီးမှ စင်အောင်ပြန်လျှော်လိုက်ပါ။

Almond ဆီနဲ့ပေါင်းတင်မယ်


ဆံသားပေါင်းတင်တဲ့အခါ Almond Oil လို သဘာဝအဆီ ထည့်သုံးတာက သင့်ကို အချိန်တိုအတွင်း ဆံပင်ကျွတ်သက်သာစေပါတယ်။ သုံးနိုင်တဲ့နည်းတစ်မျိုးကတော့ ဌက်ပျောသီးတစ်လုံးကြိတ်ပြီး ပျားရည်နဲ့ Almond ဆီတို့ တစ်ဇွန်းစီထည့်ကာ ရလာတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံသားအနှံ့လိမ်းပြီး မိနစ် ၂၀ လောက် ပေါင်းတင်ပေးရမှာပါ။ အချိန်ပြည့်တဲ့နောက် ရေနွေးနွေးနဲ့ပြောင်အောင် ဆေးချလိုက်ရုံပါပဲ။

Almond ဆီကို Serum အနေနဲ့လိမ်းမယ်


Almond ဆီကို အခြားသော Essential Oil တစ်မျိုး၊ ရှားစောင်းလက်ပတ် Gel တို့နဲ့ပေါင်းစပ်ပြီး DIY Serum အနေနဲ့လည်း လိမ်းပေးနိုင်ပါတယ်နော်။ Essential Oil အစက်သုံးစက်၊ ရှားစောင်း Gel နှစ်ဇွန်းနဲ့ Almond ဆီ တစ်ဇွန်းတို့ကို ရောပြီး ရေမခြောက်သေးတဲ့ဆံသားပေါ် လိမ်းထားပေးပါ။ ညဘက်တွေမှာ လိမ်းပေးနိုင်ပြီး ဒီနည်းက သင့်ဆံသားကို သဘာဝအတိုင်း အုံထူလာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar