တခါတလေ ဘဝကအခက်အခဲတွေနဲ့ ပြည့်နှံနေတတ်သလို မျှော်လင့်မထားတာတွေနဲ့လည်း ကြုံတွေ့လာရနိုင်ပါတယ်။ လူတယောက်နှင့်တယောက် နာကျင်မှုတွေကိုဖြစ်စေနိုင်သလို တွေ့ဆုံကြုံ ကွဲတွေကိုလည်း ရင်ဆိုင်လာနိုင်ပါတယ်။ ဒါ့ကြောင့် တခါတလေမှာ ဘဝဟာ မိမိကိုင်တွယ်နိုင်တာထက် ပိုမိုခက်ခဲ၊ ကြမ်းတမ်းတာကို တွေ့မြင်နိုင်ပါတယ်။

ဒါပေမယ့် အခက်အခဲအများစုဟာ သင်ခန်းစာနဲ့ တွဲဖက်လာတတ်ပြီး သိမြင်နားလည်သွားတဲ့အခါမှာတော့ အလွယ်တကူကျော်လွှားသွားနိုင်ပြီး ကိုယ့်အနာဂတ်အတွက်တောင် အထောက်အကူပြုနိုင်ပါတယ်။ ဘဝမှာအခက်အခဲတွေကြုံတွေ့လာတဲ့အချိန်၊ မိမိအရှေ့မှာ အတားအဆီးတွေ ပိတ်ပင်နေသလိုခံစားမိလာတဲ့အချိန်မျိုးတွေမှာ ဒီအချက်တို့ကို အသုံးချပြီး ဖြတ်ကျော်သွားနိုင်ဖို့ မျှော်လင့်ပြီး ဖော်ပြပေးလိုက်ရပါတယ်နော်။

အမြဲတစေဖြစ်ပေါ်နေမှာမဟုတ်ပါဘူး။

ပြောင်းလဲမှုဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘယ်လိုမှမပြောင်းလဲနိုင်တဲ့အတွက် အရှိကိုအရှိအတိုင်း လက်ခံတတ်ဖို့လိုပါတယ်။ ဒါပေမယ့် အရာအားလုံးက အချိန်ပြည့်မပြောင်းမလဲ၊ တသမတ်တည်းဖြစ်ပေါ်နေမှာ မဟုတ်တဲ့အတွက် အကောင်းတွေလည်းဖြစ်လာနိုင်တာကို နားလည်သတိရဖို့ လိုပါတယ်နော်။

သင်ယူတတ်ပါ။

ယနေ့ကြုံတွေ့ရတဲ့အခက်အခဲတွေဟာ နောက်နေ့အတွက် အားအင်ကိုဖြစ်စေတယ်ဆိုပြီး လူကြီးတွေ ပြောစမှတ်ရှိပါတယ်။ လောကမှာ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လူတိုင်းလူတိုင်းမှာ ပြင်ဆင်ညှိယူရတဲ့အရာတွေအများကြီးရှိတဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရှုံ့ချနေမယ့်အစား အကောင်းဘက်ကနေ သင်ယူတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အပြစ်ကို ကိုယ်သိနားလည်ဖို့ မလွယ်ကူသော်လည်း သိမြင်သွားတဲ့အခါမှတော့ာ ပိုမိုထူးခြားကောင်းမွန်တဲ့လမ်းကို လျှောက်လှမ်းသွားနိုင်မှာပဲ့ ဖြစ်ပါတယ်။

ခွင့်လွှတ်ပေးပါ သို့မဟုတ် ခွင့်လွှတ်မှုကိုရယူဖို့ကြိုးစားပါ။

လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ခြင်းက ထိုလူပြုလုပ်ခဲ့သမျှကို လက်ခံပေးလိုက်ခြင်းမဟုတ်ဘဲ မိမိရဲ့စိတ်ကို သက်သာမှုရစေရန်အတွက်ဖြစ်ပါတယ်။ သူတပါးအပေါ် အမှားလုပ်မိတဲ့အခါမှာလည်း ခွင့်လွှတ်မှုကို တောင်းခံဖို့ ဝန်မလေးမိစေဖို့ လိုအပ်ပါတယ်။ ခွင့်လွှတ်မှုဆိုတာက ဖြစ်စဉ်တစ်ခုပင်ဖြစ်သော်ငြားလည်း ကာယကံရှင်က ခွင့်လွှတ်ဖို့စိတ်အား ထက်သန်ပါက ဘဝက အဆပေါင်းများစွာ ပိုမိုကောင်းမွန်လာမှာပါ။

ပစ္စုပ္ပန်တွင် နေထိုင်ပါ။

အတိတ်တွင်ဖြစ်ခဲ့သမျှကို မေ့ပျောက်ပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမလဲကို တွေးပူနေမယ့်အစား လက်ရှိပစ္စုပ္ပန်ကိုပဲ အဓိပ္ပာယ်ရှိရှိနေထိုင်လိုက်ပါ။ လက်ရှိအချိန်ကို အာရုံစိုက်လိုက်ခြင်းဖြင့် ကိုယ်လုပ်နိုင်သမျှ အရာအားလုံးကို အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားလုပ်ဆောင်လိုက်ပါ။

အံ့သြဖွယ်ရာများဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ယုံကြည်လက်ခံလိုက်ပါ။

အခက်အခဲတွေကြားမှာတောင် အိပ်မက်တွေနဲ့မျှော်လင့်ချက်တွေက ရှိနေဖို့လိုအပ်ပြီး တခါတလေမှာတောင် မဖြစ်နိုင်တဲ့အရာတွေက တကယ်ဖြစ်လာနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ အချိန်ပြည့်မကောင်းဖက်ကချည်း တွေးမြင်နေပါက မိမိတို့ဘဝတွင်လည်း မကောင်းမှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ကိုယ့်အတွက် ဒီလောက်ပဲ့ဖြစ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ကန့်သတ်ချက်တွေနဲ့နေလိုက်မယ်ဆိုရင်တော့ သင့်ဘဝမှာ ပိုကောင်မွန်းတဲ့အရာတွေကို ဘယ်တော့မှ ရရှိပိုင်ဆိုင်နိုင်တော့မှာမဟုတ်ပါဘူးဆိုတာ သိထားဖို့လိုအပ်ပါတယ်နော်။