တစ်ခါတစ်လေမှာ အမြင်မကြည်တာမျိုးတွေကတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အမြဲလိုလို သူများအပေါ်မှာ အမြင်မကြည်တာတွေ များနေရင်တော့ ကိုယ့်အတွက်လည်း မကောင်းပါဘူး။ အကုသိုလ်များတယ်၊ စိတ်ညစ်ထွေးရတယ်၊ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။

ဒါကြောင့် သူများအပေါ်မှာ အမြင်မကြည်တာတွေများနေတဲ့စိတ်ကို ရပ်တန့်ပစ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

အပြစ်တင်တာ၊ မကောင်းမြင်တာတွေလျှော့ပါ

တစ်ခုခုဆိုရင် သူများကို အပြစ်တင်တတ်တဲ့စိတ်၊ မကောင်းမြင်တတ်တဲ့စိတ်ကြောင့် ကိုယ့်အနေနဲ့ မုန်းနေတဲ့သူ၊ ကြည့်မရတဲ့သူတွေက ပိုပြီးများလာပါတယ်။ ဒါကြောင့် သူများကို အပြစ်တင်တာ၊ မကောင်းမြင်တာတွေလျှော့ပြီး အကောင်းမြင်တတ်တဲ့စိတ်လေး ထားလိုက်မယ်ဆိုရင် လူတိုင်းအပေါ်မှာ ဖြေးဖြေးချင်းစီ အမြင်ကြည်သွားပါလိမ့်မယ်။

ဝေဖန်ကဲ့ရဲ့တာတွေမလုပ်ပါနဲ့တော့

သူများကို ဝေဖန်ကဲ့ရဲ့တာက အကျင့်ဖြစ်သွားရင် တစ်ခုခုမြင်တာနဲ့ကို ပြောချင်ဆိုချင်နေမှာပါ။ ဝေဖန်ကဲ့ရဲ့တာများလာရင် ဘယ်သူ့ကိုမှ အကောင်းမမြင်တော့ပါဘူး။ ဝေဖန်ကဲ့ရဲ့တတ်လွန်းတဲ့သူကို သူများလည်း အမြင်ကတ်ပါတယ်။

နှိုင်းယှဉ်ပြိုင်ဆိုင်တာတွေမလုပ်ပါနဲ့

ကိုယ့်ကိုယ်ကို သူများနဲ့ လိုက်ပြီးနှိုင်းယှဉ်နေရင် မနာလိုစိတ်တွေ ဝင်လာတတ်ပါတယ်။ ကောင်းတဲ့အရာ ကိုယ့်အတွက် တိုးတက်မယ့်အရာမျိုးကို နှိုင်းယှဉ်ပြိုင်ဆိုင်တာမျိုးဆိုရင်တော့ ကောင်းပါတယ်။ တခြားအရေးမပါတာတွေကို လိုက်ပြီးနှိုင်းယှဉ်နေရင်တော့ ကိုယ်ပဲပင်ပန်းရပါတယ်။ အရေးမပါတာတွေကို ပြိုင်ဆိုင်နေရင် သူများအပေါ် အမြင်မကြည်စိတ်တွေ၊ မုန်းတီးစိတ်တွေပဲ ပိုများလာမှာပါ။

လျစ်လျူရှုတတ်အောင်နေပါ

အရာရာကိုလိုက်ခံစားမနေပဲ လျစ်လျူရှုပြီး မသိချင်ယောင်သာဆောင်နေလိုက်ရင် ကိုယ့်အတွက် အကောင်းဆုံးပါပဲ။ ရန်လည်းနည်းသလို သူများအပေါ်လည်း မုန်းတဲ့စိတ်၊ အမြင်မကြည်တဲ့စိတ်တွေ မရှိတော့ပဲ ကိုယ့်စိတ်အေးချမ်းမှာပါ။

ကိုယ့်အတွက်ပဲစဉ်းစားပါ

သူများအကြောင်းတွေပဲ စိတ်ဝင်စားနေရင် သူများကိုအမြင်မကြည်တာ၊ အမြင်ကပ်တာ၊ ကြည့်မရတာတွေပဲ ဖြစ်နေမှာပါ။ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားပြီး ကိုယ်လုပ်စရာရှိတာကိုလုပ်မယ်ဆိုရင် တခြားသူအကြောင်းတွေကို စိတ်မဝင်စားတော့အတွက် အမြင်မကြည်တာတွေလည်း ရှိမှာမဟုတ်ပါဘူး။