လူတွေမှာ မသေချာစိတ်ရှိကြပါတယ်။ ကိုယ်လုပ်တာ မှန်ရဲ့လား။ ဒါနဲ့ပတ်သက်ပြီး သူများတွေ ငါ့ကို ဘယ်လိုပြောလောက်လဲတို့ဆိုတဲ့ တွေဝေမှုတွေ ရှိတတ်ကြပါတယ်။ တခြားသူတွေရဲ့ အထင်အမြင်ကို သိပ်ဂရုစိုက်သူဟာ ရိုလာကိုစတာစီးနေတဲ့ စိတ်နဲ့ နေသလို ဖြစ်ပါတယ်။

အမြဲတမ်း ရင်တထိတ်ထိတ်နဲ့ စိတ်မချရတာကြောင့် ပျော်သင့်သလောက် မပျော်နိုင်ဖြစ်ပါတယ်။ ဒါကြောင့် လူတွေရဲ့ အမြင်တိုင်းကို ဂရုစိုက်နေမိတာကို ဘယ်လိုရပ်သင့်သလဲနဲ့ ပတ်သက်လို့ အကြံတချို့ပေးချင်ပါတယ်။

(၁) အရေးမကြီးဘူးလို့ နားလည်ပါ

Photo: Freepik

တခြားသူတွေရဲ့ အမြင်ဆိုတာ သိပ်အ‌ရေးမပါပါဘူး။ လူအများစုဟာ တစ်ခုမဟုတ် တစ်ခုတော့ ဝေဖန်မှ နေသာကြတာ ဖြစ်ပါတယ်။ ဒီတော့ ဘာလို့ အလေးအနက်ကြီး ထားရမလဲလို့ တွေးကြည့်ပါ။ ဘာအတွက်မှ အလေးအနက်ထားစရာ မရှိပါဘူး။ လူတွေဟာ ခင်ဗျားဘာဝတ်လာသလဲကနေ ဘာအလုပ်လုပ်သလဲအထိ စပ်စုချင်စိတ်တွေ ရှိပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်မယ့် Lifestyle တစ်ခု တည်ဆောက်ပါ

Photo: Freepik

ဘယ်သူ့ကိုမှ ပုံတူကူးချစ်ရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပျော်ရွှင်နိုင်မယ့် ဘဝမျိုးနဲ့ နေထိုင်ပါ။ ကိုယ်နဲ့ ကိုက်ညီမယ့် ဝါသနာလေးတွေ မွေးပါ။ ကိုယ့်အတွက် အကျိုးရှိမယ့် အကျင့်လေးတွေ (အားကစားလုပ်တာ ၊ တရားထိုင်တာ ၊ စာရေးတာ) လုပ်ပါ။ အရေးကြီးတာ ကိုယ့်ကိုယ်ကိုယ် တကယ်ကျေနပ်နေဖို့ပါပဲ။

(၃) ကိုယ့်ကိုယ်ကိုယ် အကျင့်လုပ်ထားပါ

Photo: Freepik

ဘယ်လိုအကျင့်လဲဆိုရင် သူများတွေ ခေါင်းငြိမ့်တဲ့ကိစ္စတွေမှပဲ လိုက်လုပ်တော့မယ်လို့ တွေးထားတဲ့အတွေးကို ဖမ်းပြီး လွှတ်ပစ်တဲ့ အကျင့်ပါ။ လူတွေက သင့်ကို ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား။ ဟိုလိုနေပါ့လား ဒီလိုနေပါ့လား လာပြီး ပြောတဲ့အခါ ကိုယ်နဲ့ အဆင်မပြေရင် ဟင့်အင်းလုပ်ဖို့ မခက်ပါစေနဲ့။