ကိုယ့်ရဲ့လက်တွဲဖော် ဘာလုပ်နေလဲ ဆိုတာကို အမြဲထိန်းချုပ်ဖို့ ကိုယ်တိုင် ကြိုးစားနေမိလား?  ဘယ်လိုတွေလုပ်လဲ? ဘယ်အချိန်မှာ လုပ်လဲ?

ဒီလို ထိန်းချုပ်ချင်တဲ့စိတ်ဟာ အမျိုးမျိုးသော စိုးရိမ်ပူပန်မှုနဲ့  အကြောက်တရားတို့ကနေ ပေါက်ဖွားလာတာပါ။ မဖြစ်လာသေးတဲ့အရာတွေကို တွေးတောပူပန်နေတတ်ပြီး စိုးရိမ်သောကတွေကြောင့် ဘေးမှာရှိတဲ့ လက်တွဲဖော်ကို ထိန်းချုပ်ဖို့ လွှမ်းမိုးဖို့ကြိုးစားလာတတ်ကြပါတယ်။

ဒီလိုလုပ်တာက သင်တို့ရဲ့ဆက်ဆံရေးကို ပျက်စီးစေနိုင်တယ်ဆိုတာကော သိပါရဲ့လား? ထိန်းချုပ်ချင်တဲ့စိတ်တွေကို ထိန်းနိုင်ဖို့အတွက် ဘယ်လိုပြုမူသင့်သလဲ?

လက်တွဲဖော်ကိုယုံကြည်ပါ

လက်တွဲဖော်ရဲ့အမူအကျင့်တွေကို ထိန်းချုပ်တာက လက်တွဲဖော်အပေါ် မယုံကြည်မှုရှိတဲ့ နေရာကနေ လာတတ်ပါတယ်။ ဒီလို ယုံကြည်မှုမရှိတဲ့ ဆက်ဆံရေးတွေဟာ ကြာရှည်မခံတတ်ဘဲ  နောက်ဆုံးမှာ ကျရှုံးသွားတတ်ပါတယ်။

ရွေးချယ်ခွင့်ပေးပါ

သင်က  လက်တွဲဖော်ရဲ့ဘဝ အစိတ်အပိုင်းဖြစ်ပေမယ့် သင်က တစ်ခုတည်းသော အစိတ်အပိုင်း မဟုတ်ပါဘူး။ သူတို့ရဲ့ ဘဝကို ထိန်းချုပ်ဖို့ ပိုကြိုးစားလေလေ၊ သူတို့ ရုန်းထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးကို အခိုင်အမာ ကြိုးပမ်းလာလေလေပါပဲ။ သူလုပ်သမျှကို သင်ပံ့ပိုးပေးနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောပြထားပါ။

လိုအပ်ချက်တွေကို စဉ်းစားပါ

နှစ်ယောက်စလုံးဟာ ဆက်ဆံရေးမှာ တန်းတူညီတူ လက်တွဲဖော်ဖြစ်တာကြောင့် သူတို့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ထိုက်တန်ပါတယ်။ အမြဲသဘောတူရမယ်လို့ မဆိုလိုပါဘူး။ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုရင်း တခါတရံမှာ လက်တွဲဖော်ကို ဦးစားပေးသင့်ပါတယ်။

အကဲဖြတ်ခြင်းကနေ ရှောင်ကြဉ်ပါ

သင့်လက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်း အကဲဖြတ်ဝေဖန် ပြောဆိုနေမယ်ဆိုရင် သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ထိခိုက်စေနိုင်ပါတယ်။ သင်က သူတို့လုပ်တဲ့အရာတွေ ဒါမှမဟုတ် သူတို့လုပ်ထားတဲ့ ရွေးချယ်မှု တွေကို လွန်ကဲစွာ ဝေဖန်နေရင်၊ သင်ချစ်တဲ့ သူတို့ရဲ့စိတ်ထဲမှာ သင့်အတွက် သံသယမျိုးစေ့ကို ကြဲလိုက်တာနဲ့အတူတူပါပဲ

အတိတ်ကို မေ့ထားလိုက်ပါ

လူတွေက အမှားလုပ်တတ်ပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတဲ့အခါ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကြိုးစားတာက သဘာဝကျပါတယ်။ ပြောင်းလဲဖို့အတွက် အခွင့်အရေးပေးလိုက်ပါ။ သူတို့ကို အခွင့်အရေး ပေးထားရဲ့သားနဲ့ ထပ်လုပ်ခဲ့တယ်ဆိုရင်တော့ ဆက်ဆံရေးကို ထားခဲ့ဖို့အချိန်တန်ပါပြီ။