အလုပ်လုပ်တဲ့အခါမှာ Stress တွေများနေရင်၊ အလုပ်မှာ တခြားသောလူမှုရေးကိစ္စတွေ အဆင်မပြေရင် စိတ်ရှုပ်ပြီး အလုပ်မလုပ်ချင်တော့တာမျိုး၊ စိတ်တိုလာတာမျိုး၊ အလုပ်လုပ်ရင် စိတ်ညစ်ရတာမျိုးတွေ ခံစားရလာပါတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့အခါမှာ Stress နည်းပြီး စိတ်ချမ်းသာစွာနဲ့လုပ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အလုပ်ကိုသေချာ Plan ချပြီးလုပ်ပါ

အလုပ်ရောက်ပြီဆိုတာနဲ့ ကိုယ်လုပ်ရမယ့် တစ်နေ့တာအလုပ်တွေကို ဘာပြီးရင် ဘာလုပ်ရမယ် စသဖြင့် သေချာ Plan ချပြီးလုပ်ပါ။ ဒါဆိုရင် အလုပ်မပြီးလို့ စိတ်ညစ်ရတာမျိုး၊ စိတ်ဖိစီးရတာမျိုးတွေလည်း မရှိတော့ပါဘူး။ အလုပ်ကြီးပဲလည်း ဆက်တိုက်မလုပ်ပါနဲ့။ ကြားထဲမှာနားပေးပါ။ ဒါမှ အလုပ်လုပ်ရတာ မပျင်းပဲ Active ဖြစ်နေမှာပါ။

စကားအပြောအဆိုညှင်သာပါ

လုပ်ငန်းခွင်ကလူတွေနဲ့ အဆင်မပြေရင်လည်း အလုပ်လုပ်ရတာ စိတ်ဖိစီးပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ စကားအပြောအဆိုညှင်သာပါ။ မစပ်စုပါနဲ့။ ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါပါနဲ့။ အားလုံးကို ရေလိုက်ငါးလိုက် ဆက်ဆံပေးမယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ အရေးကြီးတဲ့နောက်တစ်ခုကတော့ ကိုယ့်စိတ်ရှိတိုင်းမနေပါနဲ့။ သည်းခံသင့်သလောက် သည်းခံပါ။ ပြောသမျှအရာရာတိုင်းကို ခေါင်းထဲထည့်ပြီး မခံစားပါနဲ့။ ဒါဆိုရင်တော့ စိတ်ချမ်းသာရမှာပါ။

Personal ကိစ္စတွေမပြောပါနဲ့

အလုပ်မှာ ကိုယ့်ရဲ့ Personal ကိစ္စတွေကို မပြောပါနဲ့။ အရာရာလိုက်ပြောနေတော့လည်း မကောင်းပါဘူး။ မလိုလားအပ်တဲ့ စိတ်ရှုပ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ သူများအကြောင်းလည်းမပြောပါနဲ့။ ဒီတိုင်း လူတွေနဲ့အဆင်ပြေအောင်နေပြီး ကိုယ့်အလုပ်သာပြီးအောင် အေးဆေးလုပ်ပါ။ ဒါဆိုရင် အဆင်ပြေမှာပါ။

စိတ်ကို Relax ဖြစ်အောင်နေပါ

အလုပ်ရောက်တာနဲ့ အလုပ်ကြီးပဲဖိလုပ်နေတာမျိုးဆိုရင် Stress ပိပါတယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့သလိုပဲ အလုပ်ကို Plan ချပြီးလုပ်ပါ။ သီချင်းနားထောင်ရတာကြိုက်ရင် နားကြပ်လေးတပ်ပြီး အလုပ်လုပ်ပါ။ ၂ နာရီကြားတစ်ခါလောက် အညောင်းအညာပြေ လမ်းထလျှောက်တာမျိုး၊ အကြောဆန့်တာမျိုး၊ လေထွက်ရှူတာမျိုး လုပ်ပေးပါ။ အချိန်မှန်မှန်စားသောက်ပါ။ ကော်ဖီသောက် နားချိန်လည်းထားပါ။ စိတ်နည်းနည်းရှုပ်လာပြီဆိုရင် မျက်စိမှိတ်ပြီး အသက်ကိုခပ်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်ပေးပါ။ ဒါဆိုရင်တော့ စိတ်လည်း Relax ဖြစ်နေပါလိမ့်မယ်။