ချစ်သူသက်တမ်းကြာလာတဲ့အခါမှာ ဖြစ်လေ့ရှိတဲ့ပြဿနာတွေကိုသာ သေချာဖြေရှင်းနိုင်ရင် ထင်သလောက်လည်း မဆိုးရွားပါဘူး။ မဖြေရှင်းနိုင်ရင်တော့ ပြဿနာတွေပိုတိုးလာပြီး တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေရာကနေ လမ်းခွဲရတဲ့အဆင့်အထိတောင် ရောက်နိုင်ပါတယ်။

ချစ်သူသက်တမ်းကြာလာတဲ့အခါမှာ စတွဲတုန်းကလောက် တစ်ယောက်ကိုတစ်ယောက် သိပ်အချိန်မပေးဖြစ်တာ၊ ဂရုမစိုက်ဖြစ်တာမျိုးတွေ ရှိလာတတ်ပါတယ်။ ဒီလိုအခြေအနေမှာ အထီးကျန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုပြဿနာတွေ မဖြစ်ရအောင် အချိန်တွေကြာလာလည်း တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးပါ။ အချိန်ပေးပါ။

 

တစ်ယောက်နဲ့တစ်ယောက် အရင်လိုမတွေ့ဖြစ်တော့တာမျိုး၊ စကားမပြောဖြစ်တော့တာမျိုးတွေ ဖြစ်လာရင် သွေးအေးသလိုဖြစ်လာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် နေ့တိုင်းစကားပြောပါ။ တကူးတကကြီး စကားထိုင်ပြောနေဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်တွေများနေကြတယ်ဆိုရင်တောင်မှ တစ်နေ့တစ်ခါတော့ ဖုန်းဆက်ပါ။ သူဆက်မှ ငါဆက်မှဆိုတာမျိုးတွေ မထားပါနဲ့။ အားတဲ့သူ၊ ပြောချင်တဲ့သူ အရင်ခေါ်လိုက်ပါ။

စတွဲတုန်းကလောက် ဂရုမစိုက်တော့ဘူး၊ မချစ်တော့ဘူးဆိုတဲ့ ပြဿနာတွေကလည်း တွဲတာကြာလာရင် ခဏခဏဖြစ်လေ့ရှိတဲ့ ပြဿနာပါပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင်တော့ အချိန်ဘယ်လောက်ကြာကြာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပြီး ကြင်နာပေးပါ။ တစ်ယောက်အလုပ်များနေရင် တစ်ယောက်ကလည်း နားလည်ပေးလိုက်ပါ။ နားလည်မှုရှိရင်တော့ ပိုအဆင်ပြေမှာပါ။

အချိန်တွေကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်တော့တာမျိုးတွေ၊ စတွဲထဲက ရှင်းလာရတဲ့ပြဿနာတွေကို အခုအချိန်အထိလည်း ရှင်းနေရလို့ စိတ်ပျက်လာတာ၊ ငြီးငွေ့လာတာမျိုးတွေကလည်း ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် အရေးကြီးတာကတော့ နားလည်မှုရှိဖို့ပါပဲ။ နောက်တစ်ခုကတော့ တစ်ယောက်အကြောင်းလည်း တစ်ယောက်သိနေကြပြီ ဖြစ်တဲ့အတွက် တစ်ခုခုပြဿနာရှာတော့မယ်ဆိုရင် သေချာစဉ်းစားပါ။ မဆင်မခြင်မလုပ်ပါနဲ့။ ကိုယ့်ချစ်သူအပေါ်မှာ နားလည်မှု၊ ယုံကြည်မှု ထားပေးပါ။

အချိန်အကြာကြီးတွဲလာတဲ့သူတွေက စိတ်ဆိုးစိတ်ကောက်ပြီး ပြတ်ရင်လည်း ခဏလေးနဲ့ပြန်ခေါ်ကြတာ၊ ပြန်တွဲကြတာပါပဲ။ ဒါပေမယ့် တစ်ယောက်မကြိုက်တာလုပ်လိုက်မိလို့ ပြဿနာတွေတက်ပြီး ပြတ်ကြတဲ့အခါ သွေးအေးသွားရင် ပြန်ချော့လိုက် အဆင်ပြေသွားမှာပါဆိုပြီး လုပ်ချင်တိုင်းလုပ်တာမျိုးတွေ၊ ချက်ချင်းမဖြေရှင်းပဲ မချော့ပဲ ပစ်ထားတာမျိုးတွေ မလုပ်ပါနဲ့။ တစ်ဖက်လူက တကယ်စိတ်ကုန်သွားရင် ဘယ်တော့မှ ပြန်လက်မခံတော့ပဲ တကယ်ပြတ်သွားရတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။