ချိုင်းမွှေးများ ထူထဲစွာ ပေါက်ရောက်နေခြင်းဟာ သင့်ချိုင်းနံ့ကို ဆိုးဝါးစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းစေပါတယ်။ ကိုယ့်ရဲ့ချိုင်းမွှေးကို အမြန်ဖယ်ရှားပြီး ခန္ဓာကိုယ်ရနံ့မပြင်းအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးပြုနိုင်ပါတယ်။

အမွှေးရိတ်ခြင်း

ချိုင်းမွှေးရိတ်ခြင်းကတော့ အလျင်မြန်ဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ အချို့ကလည်း အမွှေးရိတ်ခရင်မ်များ မသုံးဘဲ ဒီအတိုင်း ရိတ်တာမျိုးလည်း ရှိသလို၊ အချို့ကတော့ အမွှေးရိတ်ခရင်မ်များ သေချာအသုံးပြုကာ ရိတ်လေ့ရှိပါတယ်။

အမွှေးရိတ်ခရင်မ် အသုံးပြုမယ်ဆိုရင်တော့ ဘလိတ်ဓားရှရာတွေရဲ့အန္တရာယ်မှ ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါတယ်။

ချိုင်းမွှေးများ နှုတ်ခြင်း

ဇာဂနာလေး အသုံးပြုကာ ချိုင်းမွှေး နှုတ်ခြင်းသည်လည်း နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်ကတော့ ချိုင်းမွှေးပြန်ရှည်တဲ့အခါ အရှည်နှေးစေတာပါ။

သို့သော် ချိုင်းမွှေး နှုတ်တဲ့အခါ အမွှေးပေါက်တဲ့ လားရာအတိုင်း သေသေချာချာ နှုတ်ဖို့လိုပါတယ်။ ဒါမှ မွှေးညှင်းပေါက်လေးတွေ ပိုကျယ်မသွားစေမှာဖြစ်ပါတယ်။

ဒါ့အပြင် သင် ချိုင်းမွှေးနှုတ်မယ့် ဇာဂနာကိုလည်း ဖုန်မှုန့်နှင့် ဘက်တီးရီးယားများ မကပ်ငြိစေဖို့အတွက် သေသေချာချာ သန့်သန့်ရှင်းရှင်းထားဖို့လိုအပ်ပါလိမ့်မယ်။

Waxing ပြုလုပ်ခြင်း

Waxing ပြုလုပ်ခြင်းသည်လည်း ချိုင်းမွှေးများ ဖယ်ရှားဖို့ရန်အတွက် နည်းလမ်းကောင်းတ်စခုဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ ချိုင်းမွှေးနှုတ်သလို တစ်ချောင်းချင်းစီ နှုတ်ရတာမဟုတ်ဘဲ တစ်ကြိမ်တည်းနဲ့ ချိုင်းမွှေးတွေ အကုန်ပြောင်သွားတာပဲဖြစ်ပါတယ်။

သို့သော် Waxing ပြုလုပ်တဲ့အခါ တော်တော်လေး အနာခံဖို့တော့ လိုပါလိမ့်မယ်။

ချိုင်းမွှေးကျွတ်စေမယ့် ခရင်မ်များ အသုံးပြုခြင်း

ချိုင်းမွှေး ခရင်မ်တွေကတော့ ရေချိုးခါနီးမှာ ချိုင်းမွှေးပေါ် ခရင်မ်အနည်းငယ် သုတ်လိမ်းပေးရမှာဖြစ်ပါတယ်။ ၃ မိနစ်မှ ၅ မိနစ် ကြာတဲ့အခါ ပလပ်စတစ်အတံလေးဖြင့် ထိုခရင်မ်များကို ဖယ်ရှားလိုက်ရုံပါပဲ။

မိနစ်ပိုင်းအတွင်း မလိုလားအပ်တဲ့ ချိုင်းမွှေးများအားလုံး ပြောင်ရှင်းသွားမှာဖြစ်ပါတယ်။

သူ့ရဲ့အားနည်းချက်ကတော့ ချိုင်းမွှေးပြန်ပေါက်တာ မြန်ခြင်းပဲဖြစ်ပါတယ်။ ချိုင်းမွှေးထူတဲ့သူတို့အတွက်တော့ ဒီနည်းလမ်းကို အကြံမပေးချင်ပါဘူး။

လေဆာပစ်ခြင်း

လေဆာပစ်ပြီး ချိုင်းမွှေးများ ဖယ်ရှားခြင်းသည်လည်း ယနေ့ခေတ်လို ခေတ်မှီတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ရေပန်းစားပါတယ်။ သူကတော့ ချိုင်းမွှေးများကို အပြောင်အရှင်း ဖြစ်သွားစေပြီး ချိုင်းမွှေးများ ထပ်ပေါက်မလာအောင် ကူညီပေးပါတယ်။

သို့သော် ထိုကဲ့သို့ ရလဒ်မျိုး ရရှိချင်တယ်ဆိုရင်တော့ ၆ ကြိမ်ကနေ ၁၂ ကြိမ်အထိ လေဆာပစ်ပေးဖို့ လိုအပ်ပါတယ်။