မျက်ခုံးမွှေး တစ်ဆက်တည်းဖြစ်နေခြင်းက ကိုယ့်ရဲ့ အသွင်အပြင်ကို အနည်းငယ် အကျိုးသက်ရောက်မှုရှိတာတော့ အမှန်ပါပဲ။ ဒီလိုမျိုး မျက်ခုံးမွှေးနှစ်ခုက တစ်ဆက်တည်းဖြစ်နေလို့ စိတ်ညစ်နေရတဲ့သူတို့အတွက် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

အခုခေတ်မှာ နည်းပညာတိုးတက်လာသည်နှင့်အမျှ အင်တာနက်ပေါ်မှာ ဝေမျှထားတဲ့ အိမ်တွင်းနည်းလမ်းကောင်းတွေကလည်း အများအပြားပါပဲ။

ထိုအထဲကမှ မျက်ခုံးမွှေး တစ်ဆက်တည်း ဖြစ်နေခြင်းကို ဖယ်ရှားချင်တဲ့သူတို့အတွက် လက်တွေ့အကျဆုံး နည်းလမ်းကောင်းများကို ဝေမျှပေးလိုက်ရပါတယ်။

Waxing အသုံးပြုကာ ဖယ်ရှားခြင်း

ဖယောင်းကို အပူအနည်းငယ်ပေါ်က ဆက်နေတဲ့ မျက်ခုံမွှေးနှစ်ခုကြား လိမ်းကျံပေးရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့လက်ကို မယုံရဲဘူးဆိုရင်တော့ ကျွမ်းကျင်ပညာရှင်များရဲ့ အကူအညီကို ရယူသင့်ပါတယ်။

မကျွမ်းကျင်ဘဲနဲ့ ကိုယ့်ဘာသာ ပြုလုပ်တဲ့အခါ Waxing ကို ဖယ်ရှားချိန်မှာ အလွန်အမင်း နာကျင်နိုင်လို့ပါပဲ။ ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီနဲ့ဆို နာကျင်မှုအနည်းငယ်သာ ကျန်ရှိမှာဖြစ်ပါတယ်။ Waxing ဖြစ်တဲ့အတွက်ကြောင့် နာကျင်မှုအနည်းငယ်ရှိမှာကိုတော့ မမေ့လိုက်ပါနဲ့။

ဇာဂနာဖြင့် ဆွဲနှုတ်ခြင်း

ဇာဂနာဖြင့် ဆွဲနှုတ်ခြင်းသည်လည်း အနည်းငယ်နာကျင်နိုင်ပါသေးတယ်။ တကယ်လို့ အနာမခံချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

အဆင့် (၁) ပုဝါတစ်ထည်ကို ရေနွေးပူပူဖြင့် ဆွတ်ပေးလိုက်ပါ။ ထို့နောက် မျက်ခုံးမွှေးနှစ်ခုကြား ဆွတ်ပေးလိုက်ပါ။ ဒီနည်းလမ်းသည် မွှေးညှင်းပေါက်များကို ပွင့်သွားစေပြီး နာကျင်မှုကို သက်သာစေပါတယ်။

အဆင့် (၂) မှန်ရှေ့မှာ ကျကျနနရပ်ကာ ကိုယ် ဆွဲနှုတ်ချင်တဲ့ မျက်ခုံးမွှေးများကို အသာအယာဆွဲနှုတ်နိုင်ပါပြီ။

အဆင့် (၃) အားလုံးပြီးသွားတဲ့အခါမှာတော့ ဘက်တီးရီးယားများကို ဖယ်ရှားဖို့ရန်နှင့် ဘက်တီးရီးယားများ မွှေးညှင်းပေါက်ထဲသို့ ဝင်မသွားဖို့ရန်အတွက် ဆပ်ပြာနဲ့ သေချာဆေးကြာပေးလိုက်ပါ။

တကယ်လို့ မျက်လုံးမွှေး နှုတ်ထားတဲ့ နေရာတဝိုက်ကာ နီမြန်းရောင်ရမ်းနေမယ်ဆိုရင် ရေခဲတုံးလေးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။

ဂျုတ်ဖြင့် ရိတ်ခြင်း

ဒီနည်းလမ်းကတော့ အမြန်ဆုံး၊ အချိန်ကုန် အသက်သာဆုံးနဲ့ နာကျင်မှုမရှိဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ သို့သော် ဒီနည်းလမ်းနဲ့ဆိုရင် မျက်ခုံးမွှေးတွေက မြန်မြန်ပြန်ပေါက်မှာဖြစ်ပါတယ်။ သူ့နည်းလမ်းနဲ့သူကတော့ ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေတာပါ။

ဇာဂနာနဲ့ ဆွဲနှုတ်ခြင်း၊ Waxing ဖြင့် ဖယ်ရှားခြင်းတို့သည် နာကျင်တာမှန်ပေမယ့် မျက်ခုံးမွှေးကို အချိန်အကြာကြီး ပြန်ပေါက်မလာအောင် တားဆီးပေးနိုင်ပါတယ်။

လူတစ်ကိုယ် အကြိုက်တစ်မျိုးစီဆိုတော့ ကြိုက်နှစ်သက်ရာ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။