နေ့စဥ်နဲ့အမျှ ဆံပင်နည်းနည်းပါးပါး ကျွတ်တာလောက်က လူအများအတွက်တော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုလိုကို ဖြစ်နေပါပြီ။ အထူးသဖြင့် လတ်တလော ကိုယ်အလေးချိန်ကျဆင်းသွားသူများ၊ ကလေးမွေးဖွားထားသူများ၊ စိတ်ဖိစီးမှုတွေကို ကြုံတွေ့နေရသူများ သို့မဟုတ် ပြင်းထန်တဲ့ဆေးဝါးတွေကို သောက်သုံးနေရသူများအနေနဲ့ ပိုပြီးကြုံတွေ့ရတတ်ပါတယ်။ သို့သော်လည်း အခုပြောပြခဲ့တဲ့ အခြေအနေတွေအပြင် တခြားအကြောင်းအရင်းတွေကြောင့်လည်း ဆံပင်အရမ်းကျွတ်စေကာ ထိပ်ပြောင်ခြင်းကို ဖြစ်လာစေနိုင်ပါတယ်။

အသက်ကြီးမှ ဆံပင်တွေမရှိတော့ဘဲ လူရှေ့မထွက်ရဲတာမျိုး မဖြစ်စေဖို့အတွက် အားလုံးသိထားသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို စုစည်းတင်ဆက်ပေးမယ်နော်။

ဆံပင်သန်စွမ်းစေမယ့် အစားအစာများကို စားသုံးပါ

ကင်မ်ချီ – Probiotics တွေပါဝင်လို့ ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်

ကြက်ဥ – ဆံပင်သန်စွမ်းဖို့အတွက် အထောက်အပံ့ဖြစ်စေမယ့် ပရိုတင်းနဲ့ ဘိုင်အိုတင်းတို့ ကြွယ်ဝစွာပါဝင်ပါတယ်

ဟင်းနုနွယ်ရွက် – ဆံပင်သန်စွမ်းစေတဲ့ ဖောလိတ်၊ သံဓာတ်၊ ဗီတာမင်အေတို့ ပါဝင်ပါတယ်

ဆော်လမွန်ငါးနှင့် အခြားအဆီပြည့်ဝသည့်ငါးများ – အိုမီဂါသရီးတွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်ကိုထူထဲစေပါတယ်

ထောပတ်သီး – ဗီတာမင်အီး၊ စီနဲ့ အရေးပါသော အဆီအက်စစ်များပါဝင်လို့ ဆံသားကိုအားဖြစ်စေပါတယ်

အသား – အသားကလည်း ပရိုတင်းနဲ့သံဓာတ်ပါဝင်တာကြောင့် ဆံသားကျန်းမာမှုကို အထောက်အပံ့ပေးပါတယ်

ဦးရေပြားကို အဆီဓာတ်ဖြည့်ပေးပါ

Rosemary အဆီက ထိပ်ပြောင်ခြင်းကိုကုသဖို့အတွက် အသုံးပြုနိုင်ပြီး ဆံပင်ပြန်လည်သန်စွမ်းစေဖို့အတွက် အားဖြစ်စေပါတယ်။ တစ်ပတ်လျှင် နှစ်ကြိမ်သုံးကြိမ်လောက် ဦးရေပြားပေါ်ကို အဆီနည်းနည်းစီချပြီး နှိပ်နယ်ပေးလိုက်ပါ။

ရှားစောင်းလက်ပတ်ဂျယ်လ်ကိုတော့ ဦးရေပြားယားယံခြင်းကိုဖြစ်ပေါ်စေတဲ့ ဗောက်ပျောက်ဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်။ ဗောက်ယားလို့ အလွန်အကျွံကုတ်ဖဲ့မိရင် အသားအရေကိုထိခိုက်ပျက်စီးစေနိုင်ပြီး ထိုမှတဆင့် အနာများ၊ ပွန်းပဲ့မှုများ၊ ကျိန်းစပ်ခြင်းတို့က ဆံသားကိုပျက်စီးစေကာ ဆံပင်ကျွတ်စေပါတယ်။ ဒီလိုထိခိုက်ပျက်စီးမှုတွေအတွက် ရှားစောင်းလက်ပတ်ဂျယ်လ်ကို အားကိုးလိုက်ပါ။

ကြက်သွန်နီအရည်

ကြက်သွန်နီအရည်ရဲ့ အနံ့ကတော့ အတန်ငယ်ပြင်းထန်နိုင်ပေမယ့် ထိပ်ပြောင်ခြင်းအတွက်တော့ အင်မတန်အသုံးတည့်ပါတယ်။ အာဟာရဓာတ်တွေပါဝင်တာကြောင့် ဆံပင်ကိုလိမ်းပေးတဲ့အခါ မွေးညှင်းပေါက်တွေအတွက် အကျိုးဖြစ်စေပါလိမ့်မယ်။ ဆံပင်ရှည်ဖို့အတွက်လည်း တွန်းအားပေးတာကြောင့် ကြက်သွန်နီကိုကြိတ်ခြေပြီး အရည်ညှစ်ကာ ဦးရေပြားမှာလိမ်းချယ်ပေးပါ။

ဗီတာမင်ဒီ ပမာဏကိုစစ်ဆေးပါ

ဗီတာမင်ဒီပမာဏ လျော့နည်းခြင်းကလည်း ထိပ်ပြောင်ခြင်း၊ ထိပ်ကွက်ခြင်းနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆံပင်တွေကျွတ်လာပြီး ထိပ်ပြောင်နေပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေကို ရယူပါ။

ဆံပင်ရေစိုနေချိန် ခေါင်းမဖြီးပါနဲ့

ခေါင်းလျှော်ပြီးပြီးချင်း ဘီးတန်းဖြီးခြင်းက ဆံသားပျက်စီးမှုကိုဖြစ်ပေါ်စေပါတယ်။ ဒီလိုမျိုးအကျင့်ကို မကြာခဏပြုလုပ်မိမယ်ဆိုရင် ဆံပင်ကျွတ်ရုံသာမက ထိပ်ပြောင်၊ ထိပ်ကွက်ခြင်းကို ဖြစ်စေနိုင်လို့ ဆံပင်ခြောက်ပြီဆိုတော့မှ ဘီးကျဲကျဲကိုအသုံးပြုပြီး ဖြည်းဖြည်းချင်းဖြီးပေးပါ။

Source: BrightSide