လူတိုင်းမှာ စိုးရိမ်တတ်တဲ့စိတ်ရှိပေမယ့်လည်း တချို့ကျတော့ အစိုးရိမ်လွန်ကဲပြီး ကျန်းမာရေးထိခိုက်နိုင်တဲ့အထိ ဖြစ်နေတတ်ပါတယ်။ တစ်ခုခုဆိုရင် လိုတာထက်ပိုပြီး စိုးရိမ်တတ်တဲ့အခါမှာ ကိုယ့်စိတ်ပဲ ပင်ပန်းရပါတယ်။ ဒီတစ်ခေါက်မှာတော့ စိုးရိမ်လွန်ကဲနေတတ်တဲ့စိတ် အမြန်ဆုံးဖျောက်ဖျက်နိုင်ဖို့ ပြုလုပ်ပေးသင့်တဲ့ အရာလေးတွေကို ပြောပြပေးလိုက်ပါတယ်။

ဒါကြောင့် သင့်စိတ်ကို ပိုပြီးပင်ပန်းစေတဲ့ စိုးရိမ်လွန်တဲ့စိတ်ခံစားချက်ကို အမြန်ဆုံးပျောက်ကင်းစေဖို့ ဒီလိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးကို ပြုလုပ်လိုက်ကြရအောင်…

ကြိုပြီးတွေးပူတတ်တဲ့အကျင့်ကို ဖျောက်ပါ

ဘာကိုပဲဖြစ်ဖြစ် ကြိုမတွေးပါနဲ့။ ဖြစ်မလာသေးတဲ့အရာတစ်ခုကို ကြိုတွေးပြီး စိုးရိမ်နေတာမျိုး လုံးဝမဖြစ်ပဲ ပျော်ပျော်နေပါ။ တကယ်တမ်းဖြစ်လာမှသာ စိတ်အေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းလိုက်ပါ။ ဒီလိုနည်းနဲ့ စိုးရိမ်လွန်တတ်တဲ့စိတ်ကို ဖျောက်ပစ်ရပါမယ်။ အဆိုးဘက်ကိုမြင်နေတတ်တဲ့ ကိုယ့်ရဲ့စိတ်ကိုလည်း ဖျောက်ပစ်ပါ။ ဘာကိုပဲတွေးတွေး အကောင်းဘက်ကပဲတွေးပါ။ အဆိုးဘက်ကတွေးနေသရွေ့ကတော့ ကိုယ်ပဲစိတ်ပင်ပန်းရပါလိမ့်မယ်။

စိတ်တည်ငြိမ်စေဖို့ စာဖတ်တာတွေ၊ အားကစားလုပ်တာတွေကို ပြုလုပ်ပေးပါ

စိုးရိမ်လွန်နေတဲ့စိတ်ပျောက်ပြီး စိတ်တည်ငြိမ်မှုရအောင် တရားထိုင်တာနဲ့ ယောဂကျင့်တာမျိုးလည်း လုပ်ပေးလို့ရပါသေးတယ်။ ဒါတွေက စိတ်တည်ငြိမ်ပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ စာဖတ်ပေးတာကလည်း စိတ်ကိုတည်ငြိမ်စေပါတယ်။ စိတ်တည်ငြိမ်အောင်လုပ်ပြီး စိုးရိမ်စိတ်တွေကို ဖယ်ရှားလိုက်ပါ။ အားကစားလုပ်တာနဲ့ ရေကူးတာကလည်း စိတ်ကိုပေါ့ပါးလန်းဆန်းစေပါတယ်။

အစားများများစားပေးပါ

စိုးရိမ်လွန်ပြီး စိတ်ညစ်နွမ်းနေရင် အစားများများစားပါ။ စိတ်ထဲမှာစားချင်နေတဲ့အရာမှန်သမျှစားပြီး စိတ်ကို ပျော်ရွှင်အောင်ထားပါ။ ဟာသကားတွေကြည့်ပါ။ ရယ်စရာတွေဖတ်ပါ။ အိပ်ရေးဝဝအိပ်ပေးတာကလည်း စိတ်ညစ်စရာတွေ၊ စိုးရိမ်ပူပန်နေတာတွေကို ပြေပျောက်စေပါတယ်။ စိုးရိမ်လွန်နေတဲ့စိတ်တွေနဲ့ ညစ်နေတဲ့စိတ်တွေကို ဒီလိုနည်းလမ်းလေးတွေနဲ့ ပြေပျောက်အောင် လုပ်နိုင်ပါတယ်နော်။