ဆံပင်ကိုသေချာဂရုမစိုက်ရင် အိပ်နေတဲ့အချိန်မှာတောင် ဆံသားပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်နေတဲ့အချိန်မှာ ဆံသားရှုပ်ထွေးပြီး ပျက်စီးတာမျိုးတွေ မဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ချည်သားခေါင်းအုံးစွပ်မသုံးပါနဲ့

ချည်သားခေါင်းအုံးစွပ်တွေက ဆံပင်ရဲ့ ဘာဝအစိုဓာတ်ကို စုပ်ယူပြီး ပွတ်တိုက်မှုတွေ ဖြစ်စေတဲ့အတွက် ဆံသားပျက်စီးတာ၊ ဆံပင်ကျွတ်တာ၊ ဆံသားကျိုးကြေတာတွေ အဖြစ်များပါတယ်။ ဒါကြောင့် ချဉ်သားခေါင်းအုံးစွပ်သုံးမယ့်အစား ပိုးသားနဲ့ ဖဲသားခေါင်းအုံးစွပ်ကို ပြောင်းသုံးကြည့်ပါ။

ဆံပင်ကိုကျစ်ဆံမြီးကျစ်ပါ

ဆံပင်ဖားလျားချပြီးအိပ်ရင် ဆံသားငြိပြီးရှုပ်ထွေးတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်ကို ကျစ်ဆံမြီးလျော့လျော့လေး ကျစ်ပြီးအိပ်ပါ။ ဆံသားပျက်စီးမှု လျော့ကျစေပါတယ်။ မနက်အိပ်ယာနိုးရင်လည်း ဆံသားရှုပ်ထွေးနေမှာ မဟုတ်တော့ပါဘူး။

ဆံပင်ရေစိုနဲ့မအိပ်ပါနဲ့

ခေါင်းလျှော်ပြီးရင် ရေခြောက်အောင် သေချာမသုတ်ပဲ စိုထိုင်းနေတဲ့အနေအထားနဲ့ အိပ်လိုက်တာမျိုးက ဆံသားနဲ့ ဦးရေပြားကို မှိုပိုးတွေနဲ့ ဘတ်တီးရီးယားပိုးမွှားတွေ ဝင်စေပါတယ်။ ဆံသားပျက်စီးစေတဲ့အပြင် ကျန်းမာရေးလည်း ထိခိုက်လာစေပါတယ်။ ဆံသားရှုပ်ထွေးပြီး ပျက်စီးတာတွေလည်း အများဆုံး ဖြစ်စေပါတယ်။

အိပ်ခါနီးခေါင်းဖြီးပါ

အိပ်ခါနီးမှာ ခေါင်းမဖြီးပဲနဲ့ ဒီတိုင်းအိပ်လိုက်ရင် မနက်နိုးတဲ့အခါ ဆံပင်တွေရှုပ်ထွေးပြီး ရှင်းရခက်တာတွေ ဖြစ်စေပါတယ်။ ရှင်းရခက်တော့ ဆံပင်တွေကျွတ်တာ၊ ဆံသားနာတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အိပ်ခါနီးမှာ ဆံပင်ကိုသေချာရှင်းပြီး သေချာဖြီးပြီး သပ်သပ်ရပ်ရပ်လေးလုပ်ပြီးမှ အိပ်သင့်ပါတယ်။