သင့်ဆီက ပိုက်ဆံလာချေးတဲ့ မိတ်ဆွေတွေကို သင်ကြုံဖူးမှာပါ။ သူတို့ကို ယဉ်ယဉ်ကျေးကျေး မချေးနိုင်ကြောင်း ပြောနိုင်မယ့် နည်းလမ်းတွေ များစွာရှိပါတယ်။ သင်က သူတို့ကို ကူညီချင်ပေမယ့် သင်ကိုယ်တိုင်က ငွေကြေး သိပ်အဆင်မပြေတာ ဖြစ်နိုင်သလို လာချေးသူက ယုံကြည်ရသူ မဟုတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငွေချေးတာတွေက အသက်အရွယ် တစ်ခု ရောက်လာသူတွေမှာ ပိုကြုံရတတ်ပါတယ်။ သင်က ငွေလာချေးသူတွေကို မချေးနိုင်ကြောင်း မယုတ်မလွန် ပြောနိုင်မယ့် နည်းလမ်းတွေကတော့-

၁။ သူတို့ အခြေအနေကို ကိုယ်ချင်းစာပေးပါ

သင့်ဆီက ပိုက်ဆံလာချေးသူတွေဆီမှာ အခက်အခဲ ကိုယ်စီရှိမှာပါ။ သင်က သူတို့ အခက်အခဲ၊ ဒုက္ခတွေကို စာနာကြောင်း ပြသသင့်ပါတယ်။ ဂရုတစိုက် စိတ်ရှည်ရှည် နားထောင်ပေးသင့်ပါတယ်။ သူရင်ဖွင့်တုန်း သင်က အကြောင်းအရာ ပြောင်းပြောတာမျိုးကို ရှောင်သင့်ပါတယ်။

၂။ ရိုးရိုးသားသားပြောပြပါ

သင်က သူ့ကို အားမနာတမ်း သင့်အခက်အခဲကို ပြောသင့််ပါတယ်။ သင့်မှာ ငွေသိပ်မရှိကြောင်း၊ အသုံးစရိတ် အဆင်မပြေတော့ကြောင်း သူနားလည်အောင် ရိုးရိုးသားသား ရှင်းပြသင့်ပါတယ်။ ဒီလိုဆိုရင် ငွေချေးသူတွေလည်း နားလည်ပါလိမ့်မယ်။

၃။ မတည်နိုင်တဲ့ ကတိတွေကို မပေးပါနဲ့

ဘယ်နေ့မှ ချေးမယ်၊ ဒီနေ့ မရှိသေးလို့ ဆိုတဲ့ ကတိတွေကို မလုပ်သင့်ပါဘူး။ သင်က အားနာလို့ ပြောလိုက်တာ မှန်ပေမယ့် သူ့စိတ်ထဲ သင်တကယ်ချေးမယ်လို့ ယုံမှတ်သွားတတ်ပါတယ်။

၄။ ၂၄ နာရီအတွင်း အကြောင်းပြန်ပါ

သင့်ဆီက ငွေလာချေးသူက အရေးကြီးလို့ လာချေးတာ ဖြစ်နိုင်ပါတယ်။ သင်က မချေးချင်တာနဲ့ သူ့ Message ကို အကြောင်းမပြန်ဘဲ ထားတာမျိုး မလုပ်သင့်ပါဘူး။ ၂၄ နာရီအတွင်း သင့်အခြေအနေကို သူသိအောင် ပြောသင့်ပါတယ်။

၅။ အကြံပေးပါ

သင်က သူ့ကို ငွေမချေးနိုင်ပေမယ့် ဘယ်လိုနည်းလမ်းနဲ့ ပိုက်ဆံရနိုင်ကြောင်း သူသိအောင် သင်က လမ်းပြနိုင်ပါတယ်။ သူ့ကို ငွေရေးကြေးရေး အကြံပေးတာကလည်း သူ့အတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။

၆။ ပြတ်သားပါ

သင်က မချေးရင်တောင် သူက မရရအောင် တွယ်ကပ်နေနိုင်ပါတယ်။ ဒီလိုအချိန်တော့ သင်က အားမနာတမ်း ပြတ်သားနိုင်ဖို့ လိုအပ်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar