ရန်မဖြစ်တဲ့ချစ်သူစုံတွဲဆိုတာ မရှိဘူးလို့ ထင်ပါတယ်နော်။ ချစ်သူစုံတွဲတိုင်းလိုလိုကတော့ ငြင်းခုန်ပြီး ရန်ဖြစ်တတ်ကြတာချည်းပါပဲ့။ ဒါပေမဲ့ စိတ်သဘောမတိုက်ဆိုင်မှုတွေကြောင့် မကြာခဏရန်ဖြစ်စကားများနေမယ်ဆိုရင်တော့ သင့်ရဲ့အချစ်ရေးက စိတ်ပျက်ဝမ်းနည်းဖို့ကောင်းတဲ့အခြေအနေကို ဦးတည်နေပါတယ်။

ကိုယ့်အရမ်းချစ်ရပြီး အလေးထားရတဲ့အချစ်ရေးကို ခိုင်မြဲစေချင်ရင်တော့ ရန်ဖြစ်စကားများကြတိုင်းမှာ အေးအေးဆေးဆေးနဲ့ တည်ငြိမ်စွာ ဖြေရှင်းတတ်ဖို့ လိုပါမယ်နော်။ ကဲ..ဒါကြောင့် ကိုယ့်ချစ်သူနဲ့ ဖြစ်တဲ့ရန်ပွဲတိုင်းကို အထာကျကျ အဆုံးသတ်လို့ရတဲ့နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ခံစားချက်တွေကို ဈေးတွက် မတွက်ပါနဲ့

သင့်ခံစားချက်ကို သူ့ကို ပြောပြသလို သူ့ခံစားချက်ကိုလည်း သင်ကပြန်လည်မေးမြန်းပါ။ သူတို့ရဲ့စိတ်ခံစားချက်ကိုလည်း သင်ကဂရုစိုက်အလေးထားကြောင်း ပြသပေးပါ။

တစ်ဖက်လူကို မဝေဖန်ပါနဲ့

သင့်လက်တွဲဖော်ရဲ့ စိတ်နေစိတ်ထားအပြုအမူကို ဝေဖန်ခြင်းက အခြေအနေကို ပိုဆိုးရွားစေပါတယ်။ အထူးသဖြင့် သင်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြောဆိုရင် ပိုဆိုးပါတယ်။ သင့်ချစ်သူကို စော်ကားရာလည်း မရောက်အောင် သင့်ကိုစိတ်ရှုပ်ထွေးစေတဲ့ သူ့ရဲ့အမူအကျင့်ကို တိတိကျကျပြောပြလိုက်ပါ။

သင်စိတ်ကူးယဉ်ထားတဲ့ မကောင်းတဲ့အတွေးတွေက မှန်ကန်တယ်လို့ မထင်ပါနဲ့


သင့်ကောင်လေးက သင့်အနားမှာ တစ်ချိန်လုံးရှိမနေနိုင်ပါဘူး။ အဲ့လိုအချိန်မျိုးမှာ စိတ်မချဘဲ သဝန်တိုပြီး ပေါက်ကရအတွေးတွေကို လျှောက်တွေးနေမယ်ဆို ကိုယ်ကိုယ်တိုင်လည်း စိတ်ပင်ပန်းနေမှာဖြစ်ပြီး ရန်ပွဲတွေဆက်တိုက်ဖြစ်စေမှာပါ။

မိမိချစ်သူကို အထင်မြင်မသေးပါနဲ့

မိမိက မိမိချစ်သူထက် အမြဲတမ်းသာလွန်တယ်ဆိုပြီး အာဏာပြနေတဲ့အခါ တစ်ဖက်လူကို သိမ်ငယ်စိတ်ဝင်စေပြီး သူတို့က သင့်အတွက် သင့်တော်တဲ့လူတစ်ယောက်မဟုတ်ဘူးလို့ တွေးမိစေပါတယ်။ အဲ့ဒီလိုမတွေးစေဘဲနဲ့ အခက်အခဲတစ်စုံတစ်ရာကြုံလာရင် အတူတူအဖြေရှာခြင်းက သင့်တို့အချစ်ကို ခိုင်မြဲစေပါတယ်။

မိမိချစ်သူရဲ့အမြင်ကို လက်ခံပါ

မိမိချစ်သူရဲ့စိတ်ကူးနဲ့ အကြံဉာဏ်ကို လျစ်လျူရှူထားခြင်းက ငြင်းခုန်မှုကို ဖြစ်စေပါတယ်။ အခြေနေအချိန်အခါကို လိုက်လျောညီထွေမှုရှိခြင်းဖြင့် ကတောက်ကဆဖြစ်ခြင်းမှ ရှောင်ကြဉ်လိုက်ပါ။

အပြစ်မတင်ပါနဲ့

ဖြစ်ပျက်ပြီးသွားတဲ့ ကိစ္စတစ်ခုကို ဘယ်သူ့မှာအပြစ်ရှိတယ်ဆိုပြီး စကားရည်လုနေလို့လည်း အပိုပါပဲ။ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကိုသာ ခေါင်းအေးအေးနဲ့ အတူတူစဉ်းစားသင့်ပါတယ်။

အဟောင်းကို အသစ်မဖြစ်စေပါနဲ့

ရန်ဖြစ်ပြီးသားအကြောင်းအရာတွေ၊ အရင်က အထင်လွဲစရာတွေကို အပြန်ပြန်အလှန်လှန်အစဖော်ခြင်းက ရန်ပွဲအစပြုတာပါပဲ။ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရာကိုပဲ တိုက်ရိုက်ပြောချပါ။ ပြဿနာကို ဖြေရှင်းပြီးသွားရင်လည်း စိတ်ထဲမှာတနုံ့နုံ့နဲ့ ခံစားမနေဘဲ အဲ့ဒီအကြောင်းအရာကို မေ့ပစ်လိုက်ပါ။

Source: Brightside.me