မင်္ဂလာပါနော်။ စတိုင်ကျတဲ့ Outfit လေးတွေရဲ့အလှကို ပိုပြီးထင်ပေါ်စေဖို့ တွဲဖက်ညီတဲ့ လက်ကိုင်အိတ်လေးတွေက မရှိမဖြစ်ပါပဲနော်။ ဘယ်သွားသွား လက်ကိုင်အိတ်လေးတွေပါတာက ကိုယ့်ရဲ့ Look ကို ပြည့်စုံစေရုံမကဘဲ ပစ္စည်းထည့်ဖို့အတွက်လည်း အမှန်တကယ် အသုံးတည့်တာမို့ တစ်လုံးလောက် ရှိထားတာ မမှားပါဘူး။ အချို့ကောင်မလေးတွေဆိုရင် ကိုယ်သွားမယ့်နေရာအလိုက် တစ်အိတ်ထက် ပိုဆောင်ထားတာတွေလည်းရှိပါတယ်။ သင်ကိုယ်တိုင်လည်း ကိုယ်နဲ့လိုက်မယ့် အိတ်တွေဆောင်ထားဖို့ ရှာနေတယ်ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်အသုံးဝင်မှာပါ။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် Outfit နဲ့လိုက်အောင် အိတ်ရွေးနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုပွဲမျိုးအတွက်သုံးမလည်း စဉ်းစားပါ

လက်ကိုင်အိတ်ရွေးတဲ့အခါ အရင်ဆုံး ရုံးတက်အတွက်လား၊ ဒါမှမဟုတ် ထသွားထလာနဲ့ ပွဲသွားပွဲလာအတွက်လား စတဲ့ ကိုယ်ကိုင်သွားမယ့်နေရာကို စဉ်းစားဖို့လိုပါတယ်။ ဈေးဝယ်ထွက်တာမျိုး ထသွားထလာအတွက်ဆိုရင် Size ကြီးတဲ့ ဘေးလွယ်အိတ်လေးတွေက အဆင်ပြေပြီး ကျောင်းသွား၊ ရုံးတက်ဆိုရင်တော့ Tote Bag လေးတွေ၊ ဘူးအခုံးလို အိတ်လေးတွေက စတိုင်ကျပါတယ်။

ဘောင်းဘီရှည် အဝတ်များတဲ့သူတွေက ကြိုးသိုင်းလွယ်အိတ်အသေးလေးတွေနဲ့ ကွက်တိပါပဲ။ တကယ်လို့ သင်က ပွဲသွားပွဲလာလိုချင်တယ်ဆိုရင် Outfit ကိုပိုလင်းစေမယ့် ကျောက်ပါတဲ့လက်ကိုင်အိတ်လေးတွေ သုံးကြည့်သင့်ပါတယ်။

ခန္ဓာကိုယ် Shape ကိုသိအောင်လုပ်ပါ


ပျိုမေတို့ သတိမထားမိလောက်ပေမယ့် ခန္ဓာကိုယ် Shape ကလည်း အိတ်ရွေးချယ်ရာမှာ ထည့်စဉ်းစားရမယ့်အရာတစ်မျိုးပါပဲ။ သင့်အရပ်နဲ့ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်မူတည်ပြီး အိတ်အရွယ်အစားကိုရွေးချယ်တာက ပိုကောင်းပါတယ်နော်။ ဥပမာ အရပ်ပုတဲ့သူတွေက လူကောင်ပိုသေးပုံပေါက်စေမယ့် ကြိုးအရမ်းတိုတဲ့အိတ်တွေ ရှောင်သင့်ပြီး ခန္ဓာကိုယ်အောက်ပိုင်းပြည့်တဲ့သူတွေကတော့ ခါးနဲ့တင်ပါးလောက်ရှိတဲ့အိတ်လေးတွေကို ပိုရွေးချယ်ပေးသင့်ပါတယ်။

ကိုယ်ဝတ်နေကျ ဖက်ရှင်ပုံစံကို တွေးကြည့်ပါ

ကိုယ်ဝယ်မယ့်အိတ်လေးအသုံးဝင်ဖို့ ဝတ်နေကျဖက်ရှင်နဲ့ လိုက်မလိုက်ကိုလည်း အရင်ထည့်စဉ်းစားဖို့မမေ့ပါနဲ့။ သင်က ပေ့ါပေါ့ပါးပါးဝတ်တာများတယ်ဆိုရင် အိတ်ကိုလည်း ပေါ့ပေါ့ပါးပါးလွယ်လို့ကောင်းတာမျိုး ရွေးသင့်ပြီး လူကြီးဆန်ဆန်နဲ့ Formal ကျကျဝတ်တတ်တယ်ဆိုရင်တော့ Leather အိတ်လို အရှိန်အဝါတစ်ခုရှိတာမျိုးက ပိုသင့်တော်မှာပါ။

ဝတ်မယ့် Outfit အရောင်အပေါ်လည်း မူတည်ပါတယ်

အိတ်အရောင်ကို ဝတ်မယ့် Outfit နဲ့တစ်ရောင်ထဲကွက်တိတူအောင်လုပ်တာမျိုးက တစ်ခါတစ်ရံမှာ ရိုးရှင်းပြီး စိတ်ဝင်စားဖို့မကောင်းတာမို့ အရောင်ကစားပေးဖို့လည်း လိုပါတယ်နော်။ တကယ်လို့သင်က အရောင်တစ်ရောင်ထဲပါတဲ့ Outfit မျိုးဝတ်မယ်ဆိုရင် အိတ်အတွက် ကာလာကွဲ ဒါမှမဟုတ် Print ပါတာမျိုးတွေရွေးပေးပါ။ အရောင်စုံတဲ့ Outfit တွေဆိုရင်တော့ တစ်ရောင်ထဲရိုးရိုးအိတ်မျိုး ရွေးတာပိုကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar