ဆံပင်မသန်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဆံပင်အရှည်မြန်ပြီး သန်လာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ဒီနည်းလမ်းတွေအတိုင်းသာ သေချာလုပ်ပေးရင် ဆံပင်အရှည်မြန်ပြီး သန်လာမှာပါ။
ဆံပင်နှစ်ခွတွေကိုညှပ်ပါ
ဆံပင်နှစ်ခွတွေကို ပုံမှန်ညှပ်ပေးမှ အရှည်မြန်မှာပါ။ ဆံပင်အဖျားမှာ နှစ်ခွတွေ၊ ပျက်စီးနေတာတွေများရင်လည်း ဆံပင်အရှည်နှေးပြီး အဖျားရှူးပါတယ်။ ဆိုင်မှာသွားမညှပ်ဖြစ်ရင် အိမ်မှာပဲ ကိုယ်တိုင်ညှပ်လည်း ရတာပါပဲ။
Hair Oil လိမ်းပါ
ခေါင်းမလျှော်ခင်ညမှာ Hair Oil တွေဖြစ်တဲ့ သံလွင်ဆီ၊ ကြက်ဆူဆီ စတာတွေကို လိမ်းပြီးအိပ်ပါ။ ဒီလိုလုပ်ပေးခြင်းက ဆံသားပျက်စီးတာတွေ ပြန်ကောင်းလာစေတယ်။ ဆံပင်ကျွတ်တာသက်သာပြီး ဆံသားကျန်းမာလို့ အရှည်မြန်စေပါတယ်။ ခေါင်းလျှော်ပြီး ဆံပင်မခြောက်တစ်ခြောက်အချိန်မှာလည်း Hair Oil တစ်ခုခုကို လိမ်းပေးပါ။
ဆံပင်ပေါင်းတင်ပါ
သဘာဝနည်းလမ်းတွေဖြစ်တဲ့ ရှားစောင်းလက်ပတ်၊ ကြက်သွန်နီ စတာတွေနဲ့ ပေါင်းတင်ပေးရင် ဆံပင်အရှည်မြန်ပြီး အုံထူလာစေပါတယ်။ ဒါကြောင့် ဆံပင်အရှည်မြန်ပြီး သန်ချင်တယ်ဆိုရင်တော့ တစ်ပတ်တစ်ခါလောက် ဆံပင်ပေါင်းတင်ပါ။ ခေါင်းလျှော်ရည်ကောင်းကောင်းသုံးပြီး Conditioner သုံးပေးဖို့လည်း မမေ့ပါနဲ့။ သဘာဝနည်းလမ်းနဲ့လုပ်ဖို့ အချိန်မရှိတဲ့သူဆိုရင် Hair Mask ကောင်းကောင်း သုံးလို့ရပါတယ်။
အပူချောင်းတွေမသုံးပါနဲ့
ဆံသားကျန်းမာမှ ဆံပင်အရှည်မြန်မှာပါ။ ဒါကြောင့် ဖြောင့်စက်၊ ကောက်စက် စတဲ့ အပူချောင်းတွေကို မသုံးပါနဲ့။ ခေါင်းလျှော်ပြီးရင်လည်း တတ်နိုင်သလောက် dryer မသုံးပဲ သဘာဝအတိုင်း အခြောက်ခံပါ။ အပူချောင်းတွေသုံးတာက ဆံသားနာပြီး ကျွတ်တာ၊ ပျက်စီးတာ၊ ဆံသားခြောက်သွေ့တာတွေ ဖြစ်စေပါတယ်။
ဆံပင်အရောင်မချွတ်ပါနဲ့
ဆံပင်ချွတ်ဆေးတွေသုံးပြီး ဆံပင်ကာလာတွေ အမျိုးမျိုးပြောင်းနေရင်တော့ ဆံသားပျက်စီးပြီး ဆံပင်ကျွတ်တာ၊ ပါးတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ဆံပင်အရောင်ချွတ်တာကိုတော့ ရှောင်ရပါမယ်။ ရိုးရိုးအရောင်ဆိုးတာမျိုးကလည်း ခဏခဏလုပ်ရင် ဆံပင်ပျက်စီးတာကြောင့် ဆင်ခြင်သင့်ပါတယ်။
ခေါင်းခဏခဏမလျှော်ပါနဲ့
ခေါင်းခဏခဏလျှော်ရင် ဆံပင်ပိုကျွတ်စေပါတယ်။ ဆံသားအဆီဓာတ်တွေ ဆုံးရှုံးစေလို့ ဆံပင်အရှည်နှေးစေပါတယ်။ ဒါကြောင့် ၃ ရက်တစ်ခါထက်တော့ ပိုမလျှော်ပါနဲ့။
ဆံပင်အတွက် Vitamin တစ်ခုခုသောက်ပါ
ဆံပင်ကိုပုံမှန်ထက်ပိုပြီး အရှည်မြန်ချင်တယ်၊ သန်ချင်တယ်ဆိုရင် ဆံပင်အတွက် Vitamin တစ်ခုခုကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်တာမျိုးလည်း လုပ်ပေးလို့ရပါတယ်။