မင်္ဂလာပါ ပျိုမေတို့ရေ။ မိတ်ကပ်လိမ်းတဲ့အခါ မျက်ဝန်းလေးတွေထင်းနေဖို့ Eyeliner ခြယ်ပေးရတဲ့ အဆင့်ကလည်း အရေးပါပါတယ်။ ဒါပေမယ့် Eyeliner ညီနေအောင်ဆွဲရတာက တကယ်တမ်းမလွယ်သလို မခံဘဲနေရာရွေ့သွားရင်လည်း သင့်မျက်လုံးကို ညိုမဲပြီး ကြည့်ရဆိုးစေတာမို့ Eyeliner ဆိုးထားပြီး ကြာရှည်ခံစေမယ့် နည်းလမ်းတွေသိထားနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာ Eyeliner ဆိုးတဲ့အခါ ကြာရှည်ခံပြီး အလှမပျက်စေမယ့် လိမ်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Eyeliner မခံလို့ စိတ်ရှုပ်နေရတဲ့သူတွေအတွက် အသုံးဝင်စေမှာမို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

ရေစိုခံတဲ့ Eyeliner မျိုးသုံးပါ


သင်က ချွေးထွက်များတတ်တဲ့သူဆိုရင် အစိုခံနိုင်တဲ့ Eyeliner မျိုးသုံးပေးတာ ပိုကောင်းပါတယ်နော်။ ရေစိုခံ Eyeliner အများစုက ကြာရှည်ခံဖို့ အဓိကထုတ်ထားတာမို့ ရေစိုခံတဲ့ Brand ထဲက လူသုံးများပြီး တတ်နိုင်တာမျိုးကို ရှာကြည့်သင့်ပါတယ်။

မျက်လုံးတစ်ဝိုက် Moisturizer မလိမ်းပါနဲ့


အစိုဓာတ်အတွက်လိမ်းရတဲ့ Moisturizer ကို Eyeliner ခြယ်မယ့် မျက်ခွံနေရာတစ်ဝိုက်ရှောင်ပြီး လိမ်းပေးပါနော်။ သူ့ရဲ့အစိုဓာတ်က Eyeliner ကိုကြာရှည်မခံဘဲ နေရာရွေ့ဖို့ လွယ်စေမှာပါ။

ဖြေးဖြေးချင်း ဆွဲပါ


မျက်လုံးခြယ်တာက မသပ်ရပ်ဘူးဆိုရင် ဘေးကိုပြန့်ဖို့လွယ်တာမို့ အချိန်ယူပြီး ဖြေးဖြေးချင်း ဆွဲတာပိုကောင်းပါတယ်။ တကယ်လို့သင်က အမြန်ဆွဲဖို့လိုတယ်ဆိုရင် Eyeshadow အရောင်ရင့်ကို Liner အနေနဲ့ သုံးတာမျိုးလုပ်ကြည့်ပါ။ Eyeshadow နဲ့ဆွဲတာက Liner လောက် ပုံဖော်ဖို့မလိုတာမို့ ဆိုးရပိုလွယ်ပါလိမ့်မယ်။

Eyeliner ခြယ်ပြီး အပေါ်ကနေ Translucent Powder လိမ်းပေးပါ


မျက်နှာအဆီပြန်တာထိန်းဖို့လိမ်းရတဲ့ Translucent Powder ကို Eyeliner ခြယ်ပြီးအပေါ်က ထပ်လိမ်းပေးတာကလည်း ကြာရှည်ခံအောင် ပံ့ပိုးပေးနိုင်မှာပါနော်။ Eyeshadow ခြယ်တဲ့ Brush လေးနဲ့ယူပြီး ကိုယ်ဆွဲထားတဲ့ Eyeliner ပေါ် အနည်းငယ်လိမ်းတာမျိုး လုပ်ပေးပါ။

အစွန်းတွေကို သေချာ Blend လုပ်ပေးပါ


Eyeliner အစွန်းတွေကို သေချာလေး Blend လုပ်ပေးပါနော်။ အစွန်းကော့ထားတဲ့နေရာလေးတွေကို Power နည်းနည်းလိမ်းပြီး Blend သေချာလုပ်ပေးတာက Eyeliner နေရာမရွေ့ဘဲ ကြာရှည်ခံစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar