ကိုယ့်ချစ်သူ၊ ကိုယ့်သူငယ်ချင်း၊ မောင်နှမတွေ၊ မိသားစုထဲက တစ်ယောက်ယောက် ဝမ်းနည်းအားငယ်နေတဲ့အခါ အနားမှာရှိတဲ့ကိုယ်က သူတို့ခံစားနေရတာတွေ သက်သာအောင်၊ ပျော်ရွှင်လာအောင် ကူညီပေးသင့်ပါတယ်။ ဘာမှလည်း မခက်ခဲသလို အပန်းလည်းမကြီးပါဘူး။ ဝမ်းနည်းနေတဲ့သူတစ်ယောက်ကို စိတ်ပျော်ရွှင်လာအောင် ဒီအရာတွေနဲ့ ကူညီပေးနိုင်ပါတယ်။

စကားသွားပြောပါ

တစ်ယောက်ထဲပစ်မထားပါနဲ့။ ဝမ်းနည်းနေတဲ့သူကို အဖော်ပြုပြီး စကားသွားပြောပေးပါ။ ခံစားချက်တွေ၊ ရင်ဖွင့်တာတွေကို နားထောင်ပေးပါ။ အားပေးပါ။ အမြဲတမ်း စကားတွေသွားပြောပေးနေရင် ခံစားရတာတွေ သက်သာပြီး စိတ်သက်သာရာ ရစေပါတယ်။

အပြင်သွားဖို့ခေါ်ပါ

အပြင်သွားဖို့ခေါ်ပြီး မုန့်သွားစားတာမျိုး၊ ဈေးဝယ်ထွက်တာမျိုးတွေ လုပ်ပေးပါ။ အပြင်တစ်နေရာရာကို စိတ်အာရုံပြောင်းသွားအောင် လိုက်ပို့ပေးလိုက်ပါ။ သူတို့အတွက် ဝမ်းနည်းတာတွေ ပြေပျောက်ပြီး စိတ်ပျော်ရွှင်မှု ရစေပါတယ်။ အချိန်ရတဲ့သူဆိုရင် ခရီးလိုက်ပို့ပေးလိုက်ပါ။ ပိုကောင်းပါတယ်။

ဟာသတွေပြောပေးပါ

ရယ်မောပျော်ရွှင်လာအောင်၊ ခံစားနေရတာတွေ သက်သာသွားအောင် ရယ်စရာလေးတွေ ဟာသလေးတွေပြောပြပေးပါ။ ဟာသဗီဒီယိုလေးတွေပြပေးပါ။ ဒီနည်းလမ်းကလည်း သူတို့အတွက် အများကြီး စိတ်သက်သာရာရစေတာကြောင့် ကိုယ်လုပ်ပေးနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းပါပဲ။

လက်ဆောင်အသေးစားလေးတွေပေးပါ

လူတိုင်းက မထင်မှတ်ထားပဲလက်ဆောင်ရရင် ပျော်ကြတာချည်းပါပဲ။ ဒါကြောင့် လက်ဆောင်သေးသေးလေးတွေ ပေးလိုက်ပါ။ မိန်းကလေးဆို ပန်းစည်းလေးတွေ ပို့ပေးတာမျိုး၊ ကိတ်လေးတွေ ပို့ပေးတာမျိုး လုပ်လို့ရပါတယ်။

Motivation ပေးပါ

ဝမ်းနည်းနေတဲ့သူကို အပြစ်တင်တဲ့စကားတွေ ဘယ်တော့မှမပြောပါနဲ့။ အားတက်လာအောင် ပြောဆိုပြီး Motivation ပေးပါ။ နှစ်သိမ့်ပေးပါ။ အရာရာကို အကောင်းဘက်ကနေပဲ ပြောပေးပါ။