သင်က အချစ်ရေးတစ်ခုမှာ များများ ပေးဆပ်ပေမယ့် နာကျင်ရတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ အနည်းငယ်လောက်ပဲ ခံစားရမယ်ဆိုရင် သင့်အချစ်ရေးက အောင်မြင်တယ် ပြောရပါမယ်။ ချစ်သူထားတယ်ဆိုတာ နှစ်ဦးနှစ်ဖက် ညီတူညီမျှ ဂရုစိုက်ပေးပြီး ချစ်ပေးမှ ပြည့်စုံတယ် ခေါ်ပါတယ်။ တစ်ဘက်တည်းကပဲ အလေးပိုနေလို့ မရပါဘူး။ သင့်ဘက်က အလေးပိုနေခဲ့ရင်တောင် တကယ်နာကျင်ခံစားလာရတဲ့အခါ အနည်းအကျဉ်းလောက်ပဲ ဖြစ်နေဖို့ ကြိုလုပ်ထားနိုင်တာတွေ ရှိပါတယ်။

၁။ ထိန်းချုပ်ခြင်းကို စွန့်လွှတ်ပါ

သင်က အချစ်ရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ ကြီးကြီးမားမား ထားတတ်သူဆိုရင် ဒါဟာ အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေခြင်းပါ။ ကိုယ်နဲ့တွဲတဲ့သူ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားသူကို ဟိုဟာ မလုပ်ဖို့၊ ဒီဟာ မလုပ်ဖို့ ထိန်းချုပ်တာက သင်ချစ်ရသူကိုကော သင့်ကိုပါ နာကျင်စေတတ်ပါတယ်။

၂။ သဘောထားကြီးပါ

သင်ချစ်နေတဲ့သူဆီမှာလည်း ကိုယ်ပိုင် အတွေး၊ ကိုယ်ပိုင်ခံယူချက်တွေ ရှိပါတယ်။ ကိစ္စတစ်ခုခု ဆိုရင် သဘောထားကြီးပေးဖို့ လိုပါတယ်။ ဒီလိုမှ နာကျင်စရာတွေရှိရင် သင်က သံမဏိလို ကြံ့ကြံ့ခံနိုင်မှာပါ။

၃။ ပံ့ပိုးပေးပါ

သူတို့ ဘဝအတွက် လုပ်တဲ့ ကိစ္စမှန်သမျှကို သင်က ယုံယုံကြည်ကြည် ပံ့ပိုးပေးသင့်ပါတယ်။ သူတို့ပျော်ဖို့အတွက် ဦးစားပေးသင့်ပါတယ်။ သူဝါသနာပါတာကို လုပ်ရင်း သင့်ကို မေ့ထားရင်တောင် ဒီအတွက် သင်က ဘေးက ပံ့ပိုးပေးနေသင့်ပါတယ်။

၄။ ပုံမှန် စကားကောင်းပြောပေးပါ

သင်က ဘယ်လောက်ပဲ အလုပ်များပါစေ သင်ချစ်ရသူ စိတ်ချမ်းသာဖို့ သာယာတဲ့ စကားတွေကို နေ့တိုင်း ပြောပေးသင့်ပါတယ်။ သူ့ကို သင်က တန်ဖိုးထားကြောင်း ပြသသင့်ပါတယ်။ သင့်ဘက်က အကောင်းဆုံး ပေးဆပ်တဲ့အခါ တစ်ချိန်ချိန် ဝေးကွာခဲ့ရင်တောင် သင်နောင်တမရတော့ပါဘူး။

၅။ ပြောင်းလဲဖို့ အခွင့်အရေးပေးပါ

များများချစ်ပြီး နည်းနည်းလောက်ပဲ နာကျင်ရစေဖို့ အပြောင်းအလဲတွေကို လက်ခံသင့်ပါတယ်။ ပြောင်းလဲမှုအတွက် နေရာတစ်ခုပေးပြီး ဒါကို လက်ခံကာ ရှေ့ဆက်လိုက်တဲ့အခါ သင်အရင်ထက် ပိုရင့်ကျက်လာပါလိမ့်မယ်။

၆။ မျှဝေပါ

သင်နဲ့ သူ ရေစက်ရှိတုန်း အချိန်ကာလမှာ သင့်လျို့ဝှက်ချက်တွေ၊ သင့်ခံစားချက်တွေကို သူ့ဆီမှာ မျှဝေသင့်ပါတယ်။ သင့်ပန်းတိုင်၊ သင့်ခံယူချက်တွေကို သူတို့ဆီဖွင့်ပြောပြီး သူတို့ကို အားကိုးအားထား ပြုသင့်ပါတယ်။

အချစ်ရေးတစ်ခုမှာ သင့်အနေနဲ့ အပြည့်ချစ်ပေးဖို့ မကြောက်ပါနဲ့။ တကယ်လို့ လမ်းခွဲပြီး ဝေးကွာခဲ့ရင်တောင် ခံစားရဖို့ မကြောက်သင့်ပါဘူး။ ဒါတွေက သင့်ဘဝအတွက် သင်ယူစရာ အတွေ့အကြုံတွေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar