အခုခေတ်မှာ သူငယ်ချင်းယောင်ဆောင်ပြီး ကိုယ့်ရည်းစားကို လုချင်နေတဲ့သူတွေကလည်း တော်တော်များများပါပဲ။ တချို့ကျတော့လည်း သူများရည်းစားက အရမ်းဂရုစိုက်ပြီး အရမ်းချစ်ပြရင် မနာလိုဖြစ်ကြတယ်။ တချို့ကျတော့လည်း ကိုယ်အဆင်ပြေနေတာကို မနာလိုကြဘူး။ ဒါကြောင့် ရည်းစားရှိတဲ့သူတိုင်း သတိထားလို့ရအောင် သူငယ်ချင်းရဲ့အချစ်ရေးကို မနာလိုဖြစ်နေတဲ့သူတွေရဲ့ လက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။

သင့်ရည်းစားဟောင်းအကြောင်းတွေ၊ သင်နဲ့ပတ်သက်ဖူးတဲ့သူတွေအကြောင်းကို လက်ရှိတွဲနေတဲ့ ရည်းစားကို သွားပြောပြမယ်။ သူအထင်လွဲအောင်၊ စိတ်ဆိုးအောင် သင့်အရင်ကအကြောင်းတွေကို ခလောက်ဆန်ပြီး သွားပြောပြမယ်။ သင့်ရည်းစားအထင်လွဲအောင်လည်း အမြဲချောက်တွန်းတာမျိုး လုပ်ပါလိမ့်မယ်။

သင့်ကိုကျတော့ နင့်ရည်းစားက မကောင်းဘူး၊ နင်နဲ့မတန်ဘူးဆိုပြီး စိတ်ပျက်သွားအောင် ပြောပါလိမ့်မယ်။ ဒီဘက်ကမကောင်းကြောင်း ဟိုဘက်ကိုပြောလိုက်၊ ဟိုဘက်က မကောင်းကြောင်း ဒီဘက်ကိုပြောလိုက်နဲ့ လုပ်မယ်။ ဟုတ်တာတွေကော၊ မဟုတ်တာတွေကော လျှောက်ပြောပြီး သင်အထင်လွဲအောင်လုပ်မယ်။ ပြီးရင် သင့်တို့နှစ်ယောက်ပြတ်ဆဲဖို့ စကားတွေ ခဏခဏပြောလေ့ရှိပါလိမ့်မယ်။

သင်နဲ့အရာရာကို လိုက်ပြိုင်ဆိုင်နေပါလိမ့်မယ်။ သင့်ရည်းစားက သင်ဒါမျိုးလုပ်တာ၊ ဒီလိုအပြုအမူလုပ်တာ၊ ဒီလိုဝတ်စားတာလေးတွေ ကြိုက်တယ်ဆိုရင် သူပါ သင်နဲ့အကုန်တူအောင် လိုက်လုပ်ပါလိမ့်မယ်။

သင်အကူအညီတစ်ခုခုတောင်းတဲ့အခါ၊ အဓိကကတော့ သင့်ရည်းစားနဲ့ပတ်သက်ပြီး သင့်အချစ်ရေးနဲ့ပတ်သက်ပြီး အကူအညီတောင်းရင် ငြင်းပယ်ပါလိမ့်မယ်။ ကူညီမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်အချစ်ရေးကို မနာလိုဖြစ်နေလို့ပါပဲ။

အဆိုးဆုံးတစ်ခုကတော့ နောက်ကွယ်မှာ သင့်ရည်းစားကို မြှူဆွယ်တာပါပဲ။ အတင်းတွေလိုက်ရောမယ်၊ စကားတွေလိုက်ပြောမယ်။ သင်တို့အတွဲ ဘယ်သွားသွား လိုက်ချင်မယ်။ ဒါမျိုးတွေလုပ်နေရင်တော့ ဒီအပေါင်းအသင်း၊ သူငယ်ချင်းနဲ့ ဆက်မပတ်သက်သင့်တော့ပါဘူး။

သင်တို့အတွဲရန်ဖြစ်ထားချိန်မှာ သင့်ကိုနှစ်သိမ့်ပေးရမယ့်အစား သင့်ရည်းစားကို အဆင့်ကျော်ပြီး သွားနှစ်သိမ့်ပေးမယ်။ အားပေးစကားတွေသွားပြောမယ်။ အပြောချိုချိုလေးတွေနဲ့ပေါ့။

နောက်ဆုံးတစ်ချက်ကတော့ သင့်အချစ်ရေးနဲ့ပတ်သက်ပြီး၊ သင့်ရည်းစားနဲ့ပတ်သက်ပြီး အကြံတောင်းရင် မကောင်းတဲ့အကြံတွေပဲ ပေးပါလိမ့်မယ်။ သူငယ်ချင်းအစစ်အမှန်ဆိုရင်တော့ ဘယ်လောက်ပဲ ကိုယ့်ရည်းစားနဲ့ခင်နေပါစေ စောင့်ထိန်းရမယ့်စည်းတော့ ထားပါလိမ့်မယ်။

ဒီအချက်တွေထဲက သုံးချက်လောက်နဲ့ပဲ တိုက်ဆိုင်နေပြီဆိုရင်တော့ သေချာသတိထားဖို့ လိုနေပါပြီနော်။