ကိုယ်ချစ်တဲ့သူဆီက လှည့်စားတာခံလိုက်ရရင် စိတ်ပျော့တဲ့သူတွေအတွက်တော့ စိတ်ဒဏ်ရာတစ်ခုလို ဖြစ်သွားစေပါတယ်။ မေ့ပျောက်ဖို့ခက်ခဲပြီး နာကျင်ခံစားရပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူဆီက လှည့်စားတာခံလိုက်ရတဲ့သူတွေအတွက် ရခဲ့တဲ့နာကျင်မှုတွေကို ပြန်လည်ကုစားနိုင်မယ့် နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကို Blame မလုပ်ပါနဲ့

ငါကဘာဖြစ်နေလို့လဲ၊ မလှလို့လား၊ လိုအပ်ချက်ရှိနေလို့လား စသဖြင့် ကိုယ့်ကိုယ်ကိုအပြစ်တင်ဝေဖန်ပြီး blame လုပ်မနေပါနဲ့။ ပိုပြီးနာကျင်ရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ လှည့်စားချင်တဲ့သူက ဘာပဲဖြစ်နေပါစေ လှည့်စားမှာပါပဲ။ ကိုယ့်မှာဘာအပြစ်မှမရှိပါဘူး။ ဒါကြောင့် အဲ့လိုအတွေးတွေမဝင်မိဖို့က အရေးကြီးပါတယ်။

ကောလဟာလတွေကိုနားမထောင်ပါနဲ့

ဘယ်သူဘာပြောပြော နားထောင်မနေပါနဲ့တော့။ ကောလဟာလတွေ အကုန်နားထောင်နေပြီး ခေါင်းထဲထည့် လိုက်ခံစားနေရင်တော့ ကိုယ်ပဲပိုနာကျင်ရမှာပါ။ စဉ်းစားစရာတွေပိုများလာပြီး အတွေးတွေလွန်လာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မမေ့ပါနဲ့

ကိုယ့်ကိုကိုလည်း ဂရုစိုက်ဖို့မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကို strong ဖြစ်လာအောင်လုပ်ပါ။ အရင်ထက်ပိုလှပြီး ပိုကောင်းမွန်အောင်နေထိုင်ပါ။ လှည့်စားခဲ့တဲ့သူတွေက ကိုယ့်အတွက်မကောင်းတဲ့သူတွေ၊ ကိုယ်နဲ့မထိုက်တန်တဲ့သူတွေလို့ သတ်မှတ်ပြီး မေ့ပစ်လိုက်ပါ။

ကိုယ့်အတွက်အရေးအကြီးဆုံးကဘာလဲ

ကိုယ့်ဘဝအတွက် အရေးအကြီးဆုံးနဲ့ ကိုယ့်ပျော်ရွှင်မှုကဘာလဲဆိုတာကို စဉ်းစားပါ။ ဒီလူကသာ ကိုယ့်ကိုပျော်အောင်လုပ်ပေးနိုင်တာ မဟုတ်သလို၊ ဘဝအတွက် အရေးအကြီးဆုံးလည်းမဟုတ်ပါဘူး။ ဒါကြောင့် ဒီထက်အရေးကြီးတာတွေကို ဦးစားပေးလုပ်ဆောင်ပြီး ပျော်ရွှင်စေမယ့်အရာတွေကိုပဲ ရှာဖွေပါ။

နာကျင်စေတဲ့သူတိုင်းကိုဘဝထဲကထုတ်ပစ်လိုက်ပါ

ကိုယ်နာကျင်ခဲ့ရတာတွေ ပျောက်စေဖို့ဆိုရင် ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူတိုင်းကို ဘဝထဲကနေသာ ထုတ်ပစ်လိုက်ပါ။ ဘဝထဲကမထုတ်ပစ်နိုင်သရွေ့ကတော့ ဘယ်လိုနေနေ နာကျင်ခံစားနေရမှာပါပဲ။