တစ်စစီကြေမွနေတဲ့အသည်းနှလုံးကို ပြန်ပြီးကုစားဖို့က အချိန်တွေအများကြီးပေးဆပ်ရတဲ့အပြင် စိတ်အလိုလိုက်နေမယ်ဆိုရင်တော့ ပိုပြီးရုန်းထွက်နိုင်ဖို့က ဝေးကွာလွန်းပါတယ်။ အသည်းကွဲတာကို ကုသဖို့အတွက် နည်းလမ်းတွေအများကြီးရှိပေမဲ့ နည်းလမ်းတွေသိရုံနဲ့ နာကျင်တဲ့ဝေဒနာက ဘယ်လိုမှမပျောက်နိုင်ပါဘူး။ တချို့တွေက အသည်းကွဲပြီး ပြန်အဆင်ပြေတာမြန်သလို တချို့ကျတော့ နှစ်ကာလရှည်ကြာစွာ အသည်းကွဲတဲ့ဒဏ်ရာကို ခံစားကြရပါတယ်။ တစ်ခါတလေ ဒီစိတ်ဒဏ်ရာကြီး ဘယ်တော့မှ အဆုံးသတ်မှာလဲ တွေးလိုက်ရင် စိတ်ပျက်စရာပါပဲ။

သင်သွားတဲ့နေရာတိုင်း သင်ကြားတဲ့အသံတိုင်း အရာအားလုံးက သူ့ကို သတိရတဲ့စိတ်ကပဲ လွှမ်းမိုးနေပါတယ်။ ဖြစ်နိုင်ရင်တော့ သူ့ကိုသတိရတဲ့စိတ်တွေ နာကျည်းခဲ့ရတာအကုန်လုံးကို မေ့ပစ်ချင်ကြမှာပဲလေ။ ကဲ.. အသည်းကွဲနေတဲ့အချိန် အရင်လို သူမရှိခင်တုန်းက အချိန်မျိုး ပြန်ရဖို့အတွက် ဘာတွေကို လုပ်ဆောင်ပေးသင့်လဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။ အသည်းကွဲနေတဲ့သူလေးတွေရေ..အမြန်ဆုံးမေ့ပစ်ပြီး အသစ်ကနေပြန်စချင်တယ်ဆိုရင်တော့ ဒီအရာလေးတွေကို မဖြစ်မနေလုပ်ကြည့်ပေးပါနော်။

အဆက်အသွယ်လုပ်ဖို့ လုံးဝမကြိုးစားပါနဲ့

သင့်ရဲ့ Ex ကို အဆက်အသွယ်ဖြတ်ပါ။ သူ့ Account ကို Unfriend တာ ဒါမှမဟုတ် Block လိုက်ပါ။ သူနဲ့ သူငယ်ချင်းအဖြစ်နဲ့နေမယ်ဆိုတဲ့အတွေးမျိုးရှိရင် ဖျောက်လိုက်ပါ။ ဒီလိုအတွေးရှိနေရင်တော့ အသည်းကွဲဇာတ်လမ်းဆက်ရိုက်နေဖို့ပဲ ရှိပါတော့တယ်။

အမှတ်တရတွေကြား တဝဲလည်လည်ဖြစ်နေတဲ့စိတ်ကို ကြိုးစားပြီးရုန်းထွက်ပါ

သူနဲ့သွားခဲ့တဲ့နေရာတွေ လုပ်ခဲ့တဲ့အရာတွေကိုဖြစ်နိုင်ရင် တတ်နိုင်သလောက် ရှောင်ပေးပါ။ အမှတ်တရတစ်ခုခု ခေါင်းထဲပေါ်လာတာနဲ့ အကြောင်းအရာတစ်ခုခုကို စဉ်းစားလိုက်ပါ။ သင့်ရဲ့ခံစားချက်အားလုံးကို ရင်ဆိုင်ပါ။

စိတ်ထဲရှိတဲ့အတိုင်း ငိုချပစ်လိုက်ပါ

ဒဏ်ရာတစ်ခုရပြီး ပြန်နိုးထလာတဲ့အချိန်က အတက်ကြွဆုံးအချိန်ပါပဲ။ မျက်ရည်တွေမကျန်တော့တဲ့အထိ ငိုချလိုက်ပါ။ ခံစားချက်တွေအားလုံးကို မျက်ရည်နဲ့အတူ မျှောပစ်လိုက်ပါ။

သင့်ရဲ့အားသာချက်တွေကိုပဲ့ တွေးကြည့်ပါ

သင်က ထက်မြက်တယ်။ သူများပြောတာ နားထောင်ပေးတတ်တယ်။ သတ္တိရှိတယ်။ မဟုတ်မခံပြန်ပြောရဲတယ်။ စတဲ့သင့်ဆီမှာ အားသာချက်တွေအများကြီးရှိမှာပါ။ ဒီလောက်အားသာချက်တွေများတဲ့သင်က အသည်းကွဲတဲ့ အချိန်ခဏလေးကို မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ ထူးဆန်းနေပြီနော်။

အားတဲ့အချိန်မရှိအောင် တစ်ခုခုနဲ့အလုပ်ရှုပ်အောင် လုပ်နေပါ

အသည်းကွဲနေပါတယ်ဆိုမှ ဘာတွေလုပ်ခိုင်းနေတာလဲလို့ ပြောချင်စရာပါ။ ဒါပေမဲ့ အခက်အခဲအကျပ်အတည်းထဲရောက်နေတဲ့ သူငယ်ချင်းကို ကူညီပေးတာ၊ အမေ့ကို ခြံကူရှင်းပေးတာ၊ အနီးအနားက ဆေးရုံတစ်ခုမှာ Volunteer သွားလုပ်ပေးတာမျိုးက အာရုံလွှဲလိုက်သလိုပါပဲ။ အသည်းကွဲတာကို ဒီအခိုက်အတန့်အတွင်း မေ့သွားစေပြီး သင်လည်း စိတ်ချမ်းမြေ့မှုကို ခံစားရပါလိမ့်မယ်။

အမှီအခိုကင်းကင်းနဲ့နေရတာ ဘယ်လောက်လွတ်လပ်သလဲဆိုတာ ခံစားကြည့်ပါ

ဒီလိုပြောလို့ သင့်ကောင်လေးကိုပဲ သင်က အားကိုးနေတယ်လို့ မပြောလိုပါဘူး။ အချစ်ရေးတစ်ခုမှာ အတူတူဆောင်ရွက်ခဲ့တဲ့အရာတွေလည်း ရှိမှာပါပဲ။ အခုချိန်မှာ သင့်နားမှာသူမရှိတော့ပေမယ့် သင့်မှာ သူငယ်ချင်းတွေနဲ့ မိသားစုရှိပါသေးတယ်။ ဘယ်အချိန်ပြန်ရောက်မယ် ဘယ်သွားမယ်ဆိုပြီး ဘယ်သူ့ကိုမှ လျှောက်တင်စရာမလိုတော့ပါဘူး။ ရည်းစားရှိရက်နဲ့ စိတ်ညစ်နေရတဲ့သူတွေအများကြီးပါ။ သင့်အပေါ်မကောင်းတဲ့သူနဲ့ကွဲသွားတာ ကံကောင်းခြင်းတစ်မျိုးပါပဲ။

အသစ်ကနေ ပြန်စလိုက်ပါ

အသည်းကွဲခြင်းက အပြောင်းအလဲတစ်ခုစလုပ်ဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ။ ဆံပင်ပုံစံပြောင်းလိုက်ပါ၊ စတိုင်လ်ပြောင်းပစ်လိုက်ပါ၊ တစ်ခုခုမှာ ထူးချွန်အောင်လုပ်လိုက်ပါ။ ဒီလိုလုပ်တာက သင့်ဘဝပြောင်းလဲသွားနိုင်သလို အချိန်တန်ရင် အသည်းကွဲတာကို မေ့သွားပါလိမ့်မယ်။

အခုချိန်မှာ အသည်းကွဲနေတယ်၊ သူက ထားခဲ့တယ်ဆိုပေမဲ့ သင်ဒါကိုဖြတ်ကျော်နိုင်မယ်ဆိုတာ အပြည့်အဝယုံကြည်ပါတယ်။ သင့်ဘဝမှာ လုပ်စရာတွေကျန်ပါသေးတယ်။ ဒီစာကိုဖတ်နေတဲ့အချိန် အိပ်ရာထဲသတိရစိတ်နဲ့ကွေးနေပြီလား။ အိပ်ရာထဲက အမြန်ထပြီး အပေါ်က အချက်တွေအတိုင်း စလိုက်နာပါတော့။ အသည်းကွဲတယ်ဆိုတာ သင့်အတွက် ငှက်ပျောသီးအခွံခွာသလို ပျောက်ဖို့လွယ်လွန်းတဲ့ကိစ္စဖြစ်သွားပါလိမ့်မယ်။