ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် လမ်းခွဲပြီးရင်တော့ မေ့ပစ်နိုင်အောင် ကြိုးစားရမှာပါ။ မမေ့နိုင်လေ ကိုယ်ပဲနာကျင်လေ ဖြစ်နေမှာပါ။ ဒါကြောင့် ရည်းစားဟောင်းကို မမေ့နိုင်ဖြစ်နေတဲ့သူတွေအတွက် မေ့နိုင်သွားအောင် ကူညီပေးမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
Contact အားလုံးကိုဖြတ်လိုက်ပါ
သူနဲ့ပတ်သတ်တဲ့ ဖုန်းနံပါတ်တွေ၊ message တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။ ကိုယ့်ဘက်က လုံးဝမမေ့နိုင်ဖြစ်နေရင် facebook နဲ့ instagram မှာပါ block ပြီး chat conservation တွေပါ ဖျက်ပစ်လိုက်ပါ။ သတိရတိုင်း ဝင်ကြည့်မိနေစရာအကြောင်းလည်း ရှိတော့မှာမဟုတ်လို့ မြန်မြန်မေ့နိုင်သွားပါလိမ့်မယ်။
အမှတ်တရတွေမချန်ပါနဲ့
သူနဲ့ပတ်သက်တဲ့အမှတ်တရတွေလည်း မချန်ပါနဲ့။ အကုန်လုံးကိုသာ ဖျက်စီးလိုက်ပါ။ အမှတ်တရတွေမြင်နေတိုင်း ပြန်သတိရပြီး တော်ရုံနဲ့မေ့နိုင်မှာ မဟုတ်ပါဘူး။
အတိတ်ကိုပြန်မတွေးပါနဲ့
ပျော်စရာပဲဖြစ်ဖြစ်၊ မကျေနပ်စရာတွေကိုပဲဖြစ်ဖြစ် ပြန်တွေးမနေပါနဲ့။ အတိတ်ကိုပြန်တွေးလေ မေ့နိုင်ဖို့ ခက်ခဲလေပါပဲ။ ဒါကြောင့် အတိတ်ကိုပြန်မတွေးပဲ တခြားအရာတွေ၊ ကိုယ်စိတ်ပျော်မယ့်အရာတွေကိုလုပ်ပါ။ ကိုယ့်ကိုယ်ကိုသာ ပိုချစ်ပါ။
အလုပ်ပိုလုပ်ပါ
အားနေရင် ဒီအကြောင်းတွေပဲတွေးမိပြီး လွမ်းနေပါလိမ့်မယ်။ မေ့ပစ်ဖို့လည်း ခက်ခဲနေပါလိမ့်မယ်။ ဒါကြောင့် အလုပ်ပိုလုပ်ပါ။ Workout လုပ်တာ၊ တခြားဝါသနာပါတာလေးတွေ ထပ်လုပ်တာမျိုးလည်း လုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။
သူငယ်ချင်းတွေနဲ့တွေ့ပါ
တစ်ယောက်ထဲနေရင် တစ်ချိန်လုံး ဒါတွေပဲစဉ်းစားမိပြီး လွမ်းနေပါလိမ့်မယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့တွေ့ပြီး ပျော်ပါးပါ၊ လျှောက်သွားပါ၊ ခရီးတွေထွက်ပါ။ စိတ်သက်သာရရအောင်သာ ကြိုးစားပြီးနေပါ။
ထပ်ချစ်ရမှာမကြောက်ပါနဲ့
ဒီတစ်ယောက်နဲ့ပြတ်ပြီး တခြားသူတွေကိုလည်း သူ့လိုပဲဖြစ်မယ်၊ ထပ်ချစ်ရင် ထပ်နာကျင်ရမယ်လို့ တွေးပြီးမကြောက်ပါနဲ့။ ထပ်ချစ်ရမှာကို မကြောက်ပါနဲ့။ ကိုယ့်အပေါ်ကောင်းရင်၊ ကိုယ်စိတ်ဝင်စားရင် ကိုယ့်စိတ်တိုင်းကျ လုပ်နိုင်ပါတယ်။ ကိုယ်နဲ့ထိုက်တန်တဲ့ ပိုမိုကောင်းမွန်တဲ့ သူတစ်ယောက် ရောက်လာမှာပါ။