ချစ်သူစုံတွဲတွေဆိုတာ ချစ်စ ခင်စ ကြင်နာစလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် အချစ်ပိုနေကြတာပါ။ သမီးရည်းစား သက်တမ်းလေး ၃ လ၊ ၄ လလောက်လည်း ကြာလာရော စောစောတုန်းက စိတ်ရှည်သည်းခံမှုတွေ ကြင်နာယုယမှုတွေက ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပါလေရော။

အဲ့ဒီလို ကြင်နာယုယမှုတွေကို ချစ်သူသက်တမ်းအစကနေ လက်ထပ်ပြီးချိန်အထိ ရိုးမြေကျ တစ်သက်လုံးတည်တံ့ဖို့အတွက် ဘယ်လိုလုပ်သင့်သလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

ကိုယ့်ချစ်သူက ကိုယ့်အပေါ် အေးတိအေးစက်ဖြစ်လာပြီဆိုရင်တော့ အချစ်တွေ တစ်ဖန်ပြန်လည်နွေးထွေးလာအောင် ဒီနည်းလမ်းလေးတွေနဲ့ ကြိုးစားကြည့်လိုက်ပါ။

ကိုယ့်ချစ်သူအတွက် အချိန်ပေးဖြစ်အောင် ပေးပါ

ချစ်သူစုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် စိမ်းကားသွားရခြင်းက “မအားလို့၊ အလုပ်များနေလို့” ဆိုတဲ့ အကြောင်းအရင်းကြောင့်ပဲဖြစ်ပါတယ်။ LDRS မဟုတ်ဘူးဆိုရင် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက် တွေ့ဆုံနိုင်အောင် ကြိုးစားလိုက်ပါ။ ဘယ်လောက်ပဲ ကိုယ့်ဘဝတက်လမ်းအတွက် ကြိုးစားနေပါစေ၊ ကိုယ့်ချစ်သူလေးကလည်း ကိုယ့်အတွက် ဗီတာမင်လေးပဲမို့ အချိန်ပေးဖြစ်အောင် ပေးရပါမယ်။

ပထမဆုံး တွေ့ဆုံခဲ့ဖူးတဲ့ ဆိုင်မှာ ဒိတ်ပြန်လုပ်ကြည့်ပါ

သင်တို့နှစ်ယောက် စတွေ့ဆုံချိန်တုန်းက ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေမှာပဲဖြစ်ပါတယ်။ ထိုအချိန်လေးကို ပြန်တွေးကြည့်လိုက်တိုင်း သင့် နှုတ်ခမ်းလေးက ပြုံးယောင်သမ်းသွားတယ်ဆိုတာ မညာချင်ပါနဲ့နော်။ သင်တို့ နှစ်ယောက် တစ်ယောက်အပေါ် တစ်ယောက် သွေးအေးလာပြီဆိုရင်တော့ ပထမဆုံး စဒိတ်တုန်းက သွားဖူးတဲ့နေရာလေးတွေကို ပြန်သွားကြည့်လိုက်ပါ။ ဒီနည်းလမ်းနဲ့ ကြည်နူးရိပ်လေးတွေကို ပြန်တူးဖော်ကြည့်လိုက်ပါ။

စိတ်ဆိုးဒေါသထွက်နေချိန်မှာ ကိုယ့်ချစ်သူနဲ့ တစ်နာရီ၊ နှစ်နာရီလောက် စကားမပြောဘဲနေပါ

ဒီလိုဘာ့ကြောင့် နေခိုင်းရလဲဆိုရင် ဒေါသထွက်နေချိန်မှာ သွေးပူနေတဲ့အချိန်မှာ ဒေါသအလျောက် တစ်ဖက်သူကို နာကျင်စေတဲ့စကားတွေ ပြောမိတတ်ပါတယ်။ နှစ်ယောက်စလုံးက တစ်ယောက်ကမှ အလျော့မပေးဘူး နှစ်ယောက်စလုံး တင်းခံနေမယ်ဆိုရင်တော့ သံယောဇဉ်ကြိုးက ပြတ်ထွက်သွားပါလိမ့်မယ်။

ကိုယ်က အမှားလုပ်တဲ့သူဆိုရင် ကိုယ့် အမှားတွေကို သေချာပြန်သုံးသပ်ပါ။ ကိုယ်က မှားတယ်ဆိုရင်လည်း တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ သူက အမှားကျူးလွန်တယ်ဆိုရင် ပြဿနာကို ဝုန်းဒိုင်းနဲ့ အော်ဟစ်ဖြေရှင်းမယ့်အစား ကိုယ့်ရဲ့ ဒေါသအပူချိန် လျော့နည်းသွားတဲ့အထိစောင့်ပြီး သွေးအေးသွားမှ ပြန်ဖြေရှင်းလိုက်ပါ။ မကြာခဏ ဒေါသအလျောက် ပြောဆိုနေမိမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် စိတ်ဒဏ်ရာတွေပဲ ပေးနေမိပြီး သင့်တို့ရဲ့ RS သက်တမ်းကလည်း ရေရှည်အတွက် ကောင်းမှာမဟုတ်ပါဘူး။

ဒီအချက်ကတော့ ချစ်သူသမီးရည်းစားတိုင်း လိုက်နာသင့်တဲ့ အရေးအကြီးဆုံးအချက်တစ်ခုပဲ ဖြစ်ပါတယ်။

Photo Source: Bonobology.com