မင်္ဂလာပါ ပျိုမေတို့ရေ။ ဂျင်းဘောင်းဘီဆိုတာ လူတိုင်းလိုလို တစ်ထည်၊ နှစ်ထည်တော့ အနည်းဆုံးရှိကြတဲ့ Basic ဖက်ရှင်တစ်မျိုးပါနော်။ သူက ရာသီမရွေး ဘယ်တော့မှမရိုးတဲ့အပြင် မိန်းကလေးတိုင်းနဲ့လည်း လိုက်တာမို့ ဂျင်းဘောင်းဘီလေးတစ်ထည်ရှိထားရုံနဲ့ အပေါ်ပိုင်း ဖက်ရှင်အမျိုးမျိုးတွဲစပ်ပြီး စတိုင်ကျအောင် ဖန်တီးနိုင်မှာပါ။ ဒါ့အပြင် သင့်ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ပိုလိုက်ဖက်တဲ့ ဂျင်းဘောင်းဘီမျိုး ရှိထားတာက ဘယ်အချိန်မှာပဲဝတ်ဝတ် သက်တောင့်သက်သာဖြစ်ပြီး ပိုကြည့်ကောင်းစေပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ရွေးချယ်သင့်တဲ့ ဂျင်းဘောင်းဘီပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Mom Jeans လို့ခေါ်တဲ့ ဂျင်းဘောင်းဘီတွေက အပေါ်ပိုင်းကိုခပ်ပွပွနဲ့ အောက်ဘက်ကျဉ်းသွားတဲ့ ပုံစံလေးဖြစ်ပြီး ခြေထောက်နားခေါက်ဝတ်ရင် အရမ်းလှပါတယ်။ ခါးနဲ့ တင် နေရာကျယ်တာမို့ ခါးသေး၊ တင်ကားတဲ့ ခန္ဓာကိုယ်ရှိသူတွေ၊ ခါးရှည်တဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့လှမှာပါ။


ခါးတင် Skinny Jeans တွေ ဝတ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က ကောက်ကြောင်းပိုပေါ်ပြီး ဆွဲဆောင်မှုရှိစေမှာပါနော်။ ဒီလိုဂျင်းတွေက Hourglass ခန္ဓာကိုယ်နဲ့ လိုက်ဖက်ပြီး ခြေတံရှည်တဲ့သူတွေနဲ့ဆိုရင်လည်း ကျော့ရှင်းပြီးလှနေမှာပါ။


Straight Leg Jeans လို့ခေါ်တဲ့ ဒဲ့အရှည် ဂျင်းဘောင်းဘီတွေကတော့ တစ်ဖြောင့်တည်းသွားတဲ့ ခန္ဓာကိုယ်မျိုးရှိတဲ့ ပျိုမေတို့အတွက် ဝတ်ရတာ သက်တောင့်သက်သာဖြစ်စေမှာပါ။ အရပ်ရှည်တဲ့သူတွေဆိုရင်လည်း ဒီလို ဂျင်းတွေက အဆင်ပြေပါတယ်။


Wide Leg ဂျင်းဘောင်းဘီရှည်အောက်ပွတွေကတော့ ပေါင်တံပြည့်တဲ့မိန်းကလေးတွေအတွက် ကွက်တိပါပဲ။ လူကောင်သေးတဲ့သူတွေအတွက်လည်း အရပ်ထွက်သွားသလိုမြင်ရတာမို့ ခန္ဓာကိုယ်အချိုးအစားမရွေး ဝတ်လို့လှမယ့် ဘောင်းဘီလေးပါ။


ဒူးနေရာမှာကားသွားတဲ့ Flare ဂျင်းတွေကတော့ ခါးသေးပြီး အောက်ပိုင်းပြည့်တဲ့ Pear Shape ရှိသူတွေနဲ့လိုက်ဖက်ပြီး တစ်ဖြောင့်တည်းခန္ဓာကိုယ်ရှိရင်တော့ ဒီလိုဘောင်းဘီမျိုးကို မရွေးချယ်သင့်ပါဘူး။


Low Rise ဂျင်းလို့ခေါ်တဲ့ ခါးအောက်ကျတဲ့ဂျင်းတွေက အရပ်ပုပြီး ခန္ဓာကိုယ်သေးတဲ့သူတွေ၊ ကောက်ကြောင်းသိပ်မပေါ်တဲ့သူတွေနဲ့အဆင်ပြေမှာပါ။ သင်က Pear Body ရှိပြီး ခြေတံတိုတယ်ဆိုရင်တော့ ဒီလိုဘောင်းဘီမျိုးကို မရွေးသင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar