မင်္ဂလာပါ… ပျိုမဒီတို့ရေ… ဝလွန်းတာ ပိန်လွန်းတာတွေက ၂၁ ရာစုနှစ်မှာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ လူတော်တော်များများက သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး လူအများရဲ့ လှောင်ပြောင်ခြင်းကို ခံကြရပါတယ်။ Body Shaming လုပ်လိုက်တာက စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ဘယ်လောက် ရှိနိုင်တယ်ဆိုတာ ပြောလိုက်တဲ့လူတွေက နည်းနည်းမှ သဘောမပေါက်ကြပါဘူး။

Body Shaming လုပ်ခံရတာအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးပြီး ခန္ဓာကိုယ်အရှက်ကွဲခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေ ဖြစ်လာနိင်ပါတယ်။ ဒါပေမယ့် တခြားလူတွေက အမြဲပြောစရာရှိမှာ ဖြစ်သလို လူတိုင်းကို ကျေနပ်အောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ပိုင်သတ်မှတ်ချက်များနဲ့ နေထိုင်ပြီး သင့်ကိုယ်သင်ချစ်ပါ။

ဒီလို Body Shaming ကြုံလာရတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ ? ဘယ်လို ကိုင်တွယ်မလဲ ?

ကိုယ့်ကိုယ်ကို အာရုံစိုက်ပါ

ကိုယ့်ရဲ့တစ်ကိုယ်လုံးက အားသာချက်၊ အားနည်းချက်၊ ပြီးပြည့်စုံမှုနဲ့ မပြည့်စုံမှုတွေရဲ့ ပေါင်းစပ်မှုတစ်ခုဖြစ်ကြောင်း နားလည်လက်ခံထားပါ။ ကိုယ့်ကိုယ်ကို နှစ်သက်မြတ်နိုးပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံစံကို အရှိအတိုင်း လက်ခံနိုင်ဖို့နဲ့ ပေါင်းစပ်ထားတဲ့ ကိုယ့်ရဲ့အားသာချက်တွေကိုသာ အာရုံစိုက်လိုက်ပါ။

ကျန်းမာရေးပန်းတိုင်ထားပါ

ခန္ဓာကိုယ်အကြောင်းကို ညည်းတွားနေမယ့်အစား ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုအတွက် အမြင်ကို ပြောင်းလိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြံ့ခိုင်မှုနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ရရှိဖို့ စဉ်းစားပါ။

ကိုယ့်ကို အားပေးတဲ့ လူတွေနဲ့ နေပါ

ပတ်ဝန်းကျင်မှာ လူမျိုးစုံရှိနိုင်ပါတယ်။ သင့်ကို စိတ်ဓာတ်ကျစေတဲ့ ဒါမှမဟုတ် သင့်ကိုယ်အလေးချိန်ကို မထီမဲ့မြင်ပြုနေတဲ့လူတွေနဲ့ မိတ်ဆွေလုပ်မယ့်အစား သူငယ်ချင်းတွေကို ပညာရှိရှိရွေးချယ်လို်က်ပါ။

အရှိအတိုင်းလက်ခံပါ

ခန္ဓာကိုယ်ကို လက်ခံပြီး ဘာပဲဖြစ်ဖြစ် ဂုဏ်ယူရမယ်။ မရှိတဲ့အရာကို လိုချင်နေမယ့်အစား ကိုယ့်မှာရှိတဲ့အရာတွေအတွက် ကျေးဇူးတင်ပါ။ ကျန်းမာသန်စွမ်းပြီး အပြစ်အနာအဆာကင်းတဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း ပိုင်ဆိုင်နိုင်ဖို့က အရေးကြီးဆုံးပါ။