လူတိုင်း ဘဝမှာ စိတ်ဖိစီးမှုကတော့ အနည်းအများ ရှိကြပါတယ်။ အလုပ်ခွင်ကို နေ့တိုင်း သွားနေရသူတွေဆိုရင် ပိုဆိုးပါတယ်။ တစ်နေ့တာ ဒါတွေပဲ ဆက်တိုက်လုပ်နေရတဲ့အခါ စိတ်ဖိစီးမှုတွေ ပိုများလာတတ်ပါတယ်။ နားရက်နည်းပြီး လူကော စိတ်ပါ ပင်ပန်းတဲ့ အလုပ်ခွင်အများစုက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့နေရာတွေပါပဲ။ သင်က အလုပ်ခွင်မှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံး လျှော့ချပေးမှ ရေရှည် စိတ်၊ကိုယ် ကျန်းမာရေးအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကြိုးစားလုပ်လိုက်တာက လုံးဝ အလုပ်ထွက်လိုက်တာထက် စာရင် ပိုသာနေပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ အသက်ပြင်းပြင်းရှူပါ


ဝင်လေထွက်လေ ပုံမှန်လေး ပြင်းပြင်းရှူလိုက်တဲ့အခါ သင့်စိတ်ပေါ့ပါးသွားတာကို ကြုံဖူးမှာပါ။ အလုပ်မှာ စိတ်ဖိစီးမှုကြုံတိုင်း၊ အခက်အခဲ တစ်ခုခု ကြုံတိုင်း အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ကြည့်ပေးပါ။ သင့်ဆီမှာ ရှိတဲ့ ပူပန်မှုအနည်းငယ်၊ တင်းအားအနည်းငယ်လျော့သွားတာကို သတိထားမိပါလိမ့်မယ်။

၂။ ဟာသပြောတတ်သူ တစ်ဦးနဲ့ မိတ်ဆွေဖွဲ့ပါ


ကြုံတဲ့နေရာမှာ ပျော်စရာ၊ ရယ်စရာကို ရှာဖွေတတ်သူတွေ ရှိပါတယ်။ အလုပ်ခွင်တိုင်းမှာလည်း ဒီလိုလူမျိုးတွေ ရှိစမြဲပါ။ သူတို့က တက်ကြွပြီး ဟာသပြောတတ်ပါတယ်။ သင်က သူတို့နဲ့ အဆင်ပြေအောင်၊ တည့်အောင် ပေါင်းထားသင့်ပါတယ်။ သူတို့ရဲ့ ဟာသစကားက အနည်းငယ်ပဲ ရယ်ရရင်တောင် သင့်စိတ်ဖိအားတွေကို လျော့ကျစေမှာပါ။

၃။ ဖိနပ်ချွတ်ပေးပါ

အလုပ်ခွင်နေရာက တစ်ယောက်နဲ့ တစ်ယောက် ပုံစံမတူနိုင်ပါဘူး။ ဒါပေမဲ့ အချိန်အများစုမှာ အမြဲ ဖိနပ်စီးမနေသင့်ပါဘူး။ သင့်ခြေထောက် လေဝင်လေထွက် မကောင်းတဲ့အခါ စိတ်ရှုပ်လာတတ်ပါတယ်။ အချိန်နည်းနည်းလောက် ဖိနပ်ချွတ်ထားရုံနဲ့ သင်နဂို ထက် ပိုပေါ့ပါးလာပါလိမ့်မယ်။ သင်က အလုပ်မှာ ဖိနပ်ချွတ်ပြီး လုပ်နိုင်တယ်ဆိုရင်တော့ ကံကောင်းသူ တစ်ယောက်ပါ။

၄။ သင်ကြိုက်တဲ့မုန့်တွေကို ဆောင်ထားပါ


အလုပ်မှာ ဗိုက်ဆာတဲ့အချိန် ကိုယ်ကြိုက်တဲ့ မုန့်ကို အဆာပြေ ထုတ်စားလိုက်ရတဲ့အခါ သင့်စိတ် ပိုပျော်ရွှင်လာပါလိမ့်မယ်။ စိတ်ရှုပ်တဲ့အခါလည်း သင်ကြိုက်တာကို စားလိုက်ရင် ခဏတဖြုတ်တော့ စိတ်ရှုပ်တာ ပျောက်သွားမှာပါ။

၅။ ဟာသဗီဒီယိုတွေကြည့်ပါ


သင်က အလုပ်မှာအားတဲ့အချိန် စိတ်ပျော်လာအောင် ဟာသဗီဒီယိုတွေ ကြည့်ပေးသင့်ပါတယ်။ ဟာသဗီဒီယိုတွေက သင့်စိတ်ဖိစီးမှုကို လျှော့ချပေးပါလိမ့်မယ်။

၆။ တခြားသူတစ်ယောက်ယောက်ကို ကူညီလိုက်ပါ


သင့်အလုပ်မှာ အကူအညီလိုအပ်နေတဲ့ သူတွေကို ကူညီပေးနိုင်ပါတယ်။ ပြုတ်ကျနေတဲ့ပစ္စည်းကို ကူကောက်ပေးလိုက်တာ၊ နားမလည်သူတစ်ယောက်ကို ရှင်းပြပြောပြတာ စတာတွေက သင့်ကို စိတ်ကျေနပ်စေပါလိမ့်မယ်။
၇။ မတ်တပ်ရပ်ပြီး အကြောလျှော့ပါ

Photo Source: Shape Magazine

သင်က ထိုင်ပြီး အလုပ်လုပ်ရသူ တစ်ယောက်ဆိုရင် ခဏနားတဲ့အနေနဲ့ မတ်တပ်ရပ်ပြီး အကြောဆန့်သင့်ပါတယ်။ စိတ်အပြောင်းအလဲလေး လုပ်လိုက်မှ သင်နဂိုကထက် အလုပ်လုပ်ရတာ ပိုမြန်မှာပါ။

၈။ အစီအစဉ်တကျ စီမံပါ

သင့်အလုပ်စားပွဲကို ရှင်းတာ၊ သင့်ခုန်ကို သုတ်တာ၊ သင့်အလုပ်စာအုပ်တွေကို ပြန်စီပေးတာ စတာတွေက စိတ်ဖိစီးမှုကို လျော့စေမယ့် အရာတွေပဲ ဖြစ်ပါတယ်။ ရှုပ်ယှက်ခတ်နေတဲ့ နေရာထိုင်ခင်းပုံစံက သင့်ကို နဂိုထက် စိတ်ရှုပ်စေပါတယ်။

၉။ အလုပ်လောဘမကြီးပါနဲ့


အလုပ်ကို လိုတာထက် ပြီးစေချင်ဇောနဲ့ ဖိလုပ်တာမျိုး လျှော့သင့်ပါတယ်။ သင်နိုင်တဲ့ ပမာဏကိုပဲ တာဝန်ယူသင့်ပါတယ်။ သင်က အလုပ်တစ်ခုမှာ ရေရှည်လုပ်မယ်ဆိုရင် ဖိအားမများဖို့ လိုအပ်ပါတယ်။

အလုပ်ခွင်မှာ စိတ်ဖိစီးတာက သင့်အတွက် ထိုက်တန်ရဲ့လား စဉ်းစားသင့်ပါတယ်။ ဒီအလုပ်ထဲဝင်ပြီး သင့်အချိန်တွေ ဖြုန်းနေမိတယ်၊ ရေရှည်မှာ ဒီအလုပ်နဲ့ ပတ်သက်ပြီး သင့်အတွက် ရည်ရွယ်ချက်မရှိဘူးဆိုရင် သင့်အလုပ်ကို ဆက်လုပ်သင့်ရဲ့လား ပြန်စဉ်းစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar