အားလုံးပဲ မင်္ဂလာပါ။ လေ့ကျင့်ခန်းလုပ်တာ အသားမကျသေးတဲ့သူတွေဟာ လုပ်ခါစရက်တွေမှာ ကိုယ်လက်နဲ့ ကြွက်သားတွေ နာကျင်တာမျိုး အများဆုံးကြုံရတာ တော်တော်များများသိကြမှာပါ။ ဒါက လုပ်နေကျမဟုတ်ဘဲ ရုတ်တရက် ကြွက်သားတွေကို ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်လို့ ခန္ဓာကိုယ်မှာ ဒဏ်ဖြစ်သွားတာမျိုးပါ။ သင်ကော လေ့ကျင့်ခန်းလုပ်ပြီး ပေါင်တွေတောင့်တာ၊ ကြွက်သားကိုက်ခဲတာမျိုး ဖြစ်တတ်တဲ့သူလား။ ဒီလိုနာကျင်တာက အနည်းဆုံးတော့ နှစ်ရက်လောက်အထိ ကြာတတ်သလို အကြောတင်းတဲ့သူတွေ၊ အဝလွန်တဲ့သူတွေဆိုရင် ပိုပြီးခံရတတ်ပါတယ်။ ဒါကို အမြန်ဆုံး သက်သာဖို့နဲ့ မဖြစ်ခင်တည်းက ကာကွယ်နိုင်ဖို့ ပြုလုပ်ပေးသင့်တဲ့အရာတွေအကြောင်းကို ဒီတစ်ခေါက်မှာ မျှဝေပေးလိုက်ပါတယ်။

ရေခဲကပ်ကြည့်ပါ

Photo Source: cnet.com

ကြွက်သားရောင်ရမ်းတာသက်သာဖို့ နာနေတဲ့နေရာပေါ်ကို ရေခဲကပ်ပြီး အအေးဓာတ်ပေးတာမျိုး လုပ်နိုင်ပါတယ်နော်။ ဒါက နာကျင်မှုဒဏ်ကိုဖြေလျော့ပေးပြီး အရောင်လည်းကျစေပါတယ်။ နာနေတဲ့နေရာပေါ်ကို မိနစ် ၂၀ လောက် ရေခဲအိတ်ကပ်ထားပြီး သက်သာသွားတဲ့အထိ တစ်နာရီခြားတစ်ခါလောက် လုပ်ပေးနိုင်ပါတယ်။

ရေများများသောက်ဖို့လိုပါတယ်


ရေသောက်တာက ဆိုးကျိုးမရှိပါဘူး။ လေ့ကျင့်ခန်းလုပ်တဲ့သူတွေဆို ရေကိုပိုပြီး လုံလောက်အောင်သောက်ဖို့ လိုပါတယ်နော်။ ခန္ဓာကိုယ်တွင်းရေဓာတ်ခန်းခြောက်နေတဲ့သူက ကြွက်သားတွေတောင့်ပြီး ကြွက်တက်ဖို့လွယ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် ရေများများသောက်တဲ့အကျင့်လုပ်ထားပေးပါ။

ကျန်းမာရေးနဲ့ညီညွှတ်အောင် စားပါ


အစားအသောက်က တစ်ကိုယ်လုံးကျန်းမာရေးနဲ့ဆက်စပ်နေတာမို့ ကြွက်သားနာကျင်တဲ့အခါ ကိုယ်စားတဲ့ပုံစံကိုလည်း ပြန်ပြီးဆန်းစစ်ကြည့်ပါ။ ဥပမာ သင့်အနေနဲ့ အဆီအစိမ့်နဲ့ အချိုတွေစားတာထက် ကြွက်သားနဲ့ အရိုးသန်မာစေပြီး လေ့ကျင့်ခန်းလုပ်ဖို့အတွက်လည်း အားဖြစ်စေမယ့် အသီးအရွက်နဲ့ အစေ့အဆံတွေ၊ အကျိုးပြု ဗီတာမင်ဓာတ်ပါဝင်တာတွေကို ပိုစားပေးဖို့လိုပါတယ်။

သွေးပူလေ့ကျင့်ခန်း လုပ်ပြီးမှ လေ့ကျင့်ခန်းစ လုပ်ပါ

Photo Source: POPSUGAR

လေ့ကျင့်ခန်းစလုပ်တာနဲ့ ပြင်းပြင်းထန်ထန်လှုပ်ရှားလိုက်တာက သင့်ကြွက်သားနဲ့ အရိုးအဆစ်တွေကိုပိုထိပါတယ်။ ဒါကြောင့်မို့ အရင်ဆုံး သွေးပူရုံလောက် လေ့ကျင့်ခန်းကနေစပြီး ဖြေးဖြေးချင်းလုပ်ပေးဖို့ မမေ့ပါနဲ့။

လေ့ကျင့်ခန်းလုပ်ပြီးတိုင်း မဖြစ်မနေ Stretch လုပ်ပါ


လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်တိုင်း အကြောလျှော့တာကို မဖြစ်မနေလုပ်ပေးပါ။ Stretch မကြာခဏလုပ်ပြီး အကြောလျှော့ပေးတာက တင်းနေတဲ့ကြွက်သားတွေကို ဖြေလျော့ပေးတာမို့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် ဒဏ်မဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar