အောက်ဖော်ပြပါ နည်းလမ်းတွေကို သုံးမယ်ဆိုရင်တော့ အရင်လို အစားဝိုင်းက ထတာနဲ့ ဗိုက်ပူနေတာ၊ ဗိုက်တင်းလွန်းတာ၊ လေးလံတာမျိုး သင်လုံးဝ ဖြစ်တော့မှာ မဟုတ်ပါဘူး။ အစားအသောက်ဆိုတာ သင့်လုပ်ငန်းတွေ လုပ်ဖို့အတွက် လောင်စာဆီ ဖြစ်သင့်ပါတယ်။ စားပြီးတာနဲ့ သင့်ကို ပိုစိတ်ချမ်းသာစေပြီး ပိုကျန်းမာစေတဲ့ အစားအသောက်မျိုးပဲ ဖြစ်သင့်ပါတယ်။

ခက်တာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေက အရသာပိုရှိနေတာပါပဲ။ ဒါပေမဲ့ စားပြီးရင်တော့ မအီမသာ ခံစားလာရတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားမိတဲ့ အကျင့်ကို ပြင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ တစ်သက်လုံး လုပ်ခဲ့မိတာကို တစ်ညတည်းနဲ့ ပြန်မပြင်နိုင်ပါဘူး

အလွယ်တကူ ရန်ိုင်တဲ့ အစားအစာ အများစုက ကျန်းမာရေးနဲ့ မညီညွတ်တတ်ပါဘူး။ သင်က ဟိုးအရင်တည်းက အမြစ်တွယ်လာခဲ့တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အကျင့်ကို တစ်ညတည်းနဲ့ ပြန်ပြင်လို့မရပါဘူး။ ဒါကြောင့် တစ်ခါတည်းနဲ့ သင့်စားသောက်မှု ပုံစံကို မပြောင်းပစ်ဘဲ တစ်ပတ်မှာ တစ်မျိုးလောက် ရှောင်တာမျိုးနဲ့ စတင်သင့်ပါတယ်။

၂။ အကောင်းမြင်စိတ် ထားပါ

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရသာ၇ှိတဲ့ အရာတွေကို မစားရတာက သင့်ကို စိတ်ညစ်စေနိုင်ပါတယ်။ ဒါပေမဲ့ Healthy Food တွေထဲမှာလည်း စားလို့ ကောင်းတာတွေ အများကြီးပါပဲ။ သင်က ကောင်းတဲ့အချက်တွေပေါ်ကိုပဲ အာရုံစိုက်သင့်ပါတယ်။

၃။ အမြဲလုပ်သွားပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားတတ်တဲ့ အလေ့အကျင့်က တစ်သက်လုံးလုပ်သွားရမယ့် အရာဖြစ်တာကြောင့် သင်ဘာကြောင့် စတင်တာလဲဆိုတဲ့ အကြောင်းပြချက် အတိအကျ ရှိသင့်ပါတယ်။ ဒီလိုမှ တစ်သက်လုံး ပုံမှန်လုပ်သွားဖို့ သင်အမြဲ စိတ်အားထက်သန်နေမှာပါ။

၄။ သေးသေးလေးက စလုပ်ပါ

အပေါ်မှာ ပြောခဲ့သလိုပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို တစ်နေ့လုံး တောက်လျှောက်စားနေစရာမလိုပါဘူး။ အစပိုင်း တစ်နေ့မှာ တစ်ကြိမ်လောက်ကနေ စစားသင့်ပါတယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်း Upgrade လုပ်သွားသင့်ပါတယ်။

၅။ Plan ချပါ

တစ်ပတ်အတွင်း ဘယ်လို အစားအသောက်တွေကို စားမလဲ အစီအစဉ်ချထားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ထဲကမှ သင့်အကြိုက်တွေကို ရွေးထုတ်ထားပြီး ဘယ်နေ့ဘာစားမလဲ ကြိုအစီအစဉ်ဆွဲထားသင့်ပါတယ်။

၆။ မမြင်ရတဲ့ နေရာမှာ ထားပါ

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို လုံးဝ မမြင်ရအောင် ကြိုးစားပြီး နေကြည့်ပါ။ သင့်ရေခဲသေတ္တာထဲမှာ ရှိရင်လည်း အမြန်ဖယ်ရှားသင့်ပါတယ်။ အစားအသောက်ဆိုတာက မြင်ရရင် စားချင်ပြီး မမြင်တော့ရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar