အကြောင်းအမျိုးမျိုးကြောင့် စိုးရိမ်သောကရောက်နေရတယ်၊ စိတ်ပူပန်မှုတွေနဲ့ပဲ ပြည့်နှက်နေတယ်ဆိုရင် ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ ပျော်ရွှင်စရာတွေရှိလာလည်း အပြည့်အဝမပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် ပျော်ရွှင်မှုကို အပြည့်အဝခံစားနိုင်အောင် စိုးရိမ်သောကတွေပျောက်ပြီး စိတ်တည်ငြိမ်လာစေဖို့ ကူညီပေးနိုင်တဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။

အစားသေချာစားပါ

အစားအသောက်ပျက်ရင် မစားမသောက်ပဲနေရင် စိတ်ကနေလို့မကောင်းရတဲ့ကြားထဲ ခန္ဓာကိုယ်ကပါ နေလို့မကောင်းတာတွေ ဖြစ်လာပြီးတော့ အခြေအနေပိုဆိုးသွားစေပါတယ်။ အရသာရှိတာတွေ၊ ကိုယ်ကြိုက်တာလေးတွေကို စားလိုက်မယ်ဆိုရင် စိတ်ပျော်ရွှင်ကျေနပ်မှုရပြီး စိုးရိမ်သောကတွေလည်း လျော့ကျသွားမှာပါ။ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။

တရားထိုင်ပါ

တရားထိုင်ပေးတာကတော့ ကြာကြာထိုင်နိုင်လေ ကိုယ့်အတွက် ကောင်းလေပါပဲ။ စိုးရိမ်သောကတွေ ဖြေးဖြေးချင်းစီပျောက်လာပြီး စိတ်တည်ငြိမ်လာမှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

စိုးရိမ်သောကတွေကို ခေါင်းထဲထည့်ထားပြီး တွေးနေမယ်ဆိုရင် တွေးတိုင်းမှာ ပိုပိုပြီး စိတ်ညစ်ရမယ်၊ စိတ်ဓာတ်ကျရပါမယ်။ ဒါကြောင့် ဒီလိုတွေးနေတဲ့အတွေးတွေ ပျောက်သွားအောင် စိတ်ရောကိုယ်ပါ ပြန်ပြီးလန်းဆန်းလာအောင် လေ့ကျင့်ခန်းလုပ်ပါ။

သဘာဝကိုခံစားပါ

အိမ်ထဲမှာပဲနေပြီး ထိုင်းမှိုင်းစိတ်ညစ်နေမယ့်အစား လှပတဲ့ သဘာဝအလှတွေကို ခံစားပါ။ လေကောင်းလေသန့်ရပြီး သဘာဝအလှကို ခံစားလို့ရမယ့်နေရာမှာ သွားထိုင်တာမျိုး၊ ခရီးထွက်တာမျိုး လုပ်ပေးပါ။

Pets လေးတွေနဲ့အချိန်ကုန်ဆုံးကြည့်ပါ

တစ်ခါတစ်လေကျရင် Pets လေးတွေနဲ့ အချိန်ကုန်ရတာက အပူအပင်ကင်းပြီး စိတ်ပျော်ရွှင်ကြည်နူးရပါတယ်။ Pets ချစ်သူလေးတွေဆို ပိုပြီးပျော်မှာပါ။

အိပ်ရေးဝဝအိပ်ပါ

စိုးရိမ်သောကတွေ များနေတာပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာတွေ ရှိနေရင်ပဲဖြစ်ဖြစ် အိပ်ရေးပျက်တဲ့အခါမှာ ပိုဆိုးပါတယ်။ အတွေးပေါင်းစုံဝင်လိုက်၊ ကိုယ်ရောစိတ်ပါ နေရတာအဆင်မပြေလိုက်နဲ့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်သာအိပ်ပါ။

ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့

စိုးရိမ်သောကရောက်နေတဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်မှာမှာ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ ပိုဝင်ပါတယ်။ ကိုယ့်ကိုယ်ကို သူများတွေနဲ့နှိုင်းယှဉ်လိုက်၊ အလိုမကျဖြစ်လိုက်နဲ့ စိတ်အခြေအနေ ပိုဆိုးလာစေပါတယ်။

သူငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးကြည့်ပါ

တစ်ယောက်တည်းနေမယ့်အစား သူငယ်ချင်းတွေနဲ့တွေ့ပြီး စကားပြောလိုက်၊ စားသောက်ပျော်ရွှင်လိုက်၊ အပြင်လျှောက်သွားလိုက်နဲ့ လုပ်မယ်ဆိုရင် စိုးရိမ်သောကတွေ ပျောက်သွားမှာပါ။