ချစ်သူစုံတွဲတွေ အပျော်ရွှင်ဆုံး အကြည်နူးဆုံးအချိန်ကတော့ ချစ်စ ခင်စ ကြင်နာစအချိန်ပဲဖြစ်ပါတယ်။ ထိုအချိန်တွေမှာ မိုးမမြင် လေမမြင်နဲ့ ကိုယ့်ချစ်သူ မျက်စိထဲမှာလည်း ကိုယ်မှကိုယ်၊ ကိုယ်ကလည်း ကိုယ့်ချစ်သူမှ ကိုယ့်ချစ်သူဖြစ်နေတဲ့အချိန်လေးတွေပေါ့။ ဒါပေမဲ့ ချစ်သူသက်တမ်းလည်း ကြာလာတာနဲ့အမျှ ကတောက်ကဆလေးတွေဖြစ်တတ်ပြီး ကြင်နာမှုတွေ တဖြည်းဖြည်းလျော့နည်းလာကာ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ အချစ်ပေါ့လာတယ်လို့ ခံစားမိတဲ့အချိန်တွေလည်း ရှိတတ်ကြပါတယ်။

ဒီလိုခံစားရပြီဆိုရင် ကောင်မလေးဘက်ကလည်း ကောင်လေးကို ဖိအားတွေပေးမယ်၊ ရန်ရှာမယ်၊ ရစ်မယ် စတဲ့ အသေးအမွှားလေးတွေကနေ စိတ်ကုန်သွားတတ်တာတွေ လမ်းခွဲရတဲ့အထိဖြစ်သွားကြတဲ့ စုံတွဲတွေလည်း ဒုနဲ့ဒေပါပဲ့နော်။ ဒါကြောင့် မပြတ်သင့်ပဲ့နဲ့ ပြတ်သွားရတဲ့အချစ်ရေးမျိုး မဖြစ်စေဖို့အတွက် ပျိုမေလေးတို့လည်း ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ အချစ်ပေါ့လာတယ်လို့ ခံစားရပြီဆိုရင် ဒီအချက်လေးတွေကို သတိရလိုက်ပါ။

အချစ်ပေါ့လာတာမဟုတ်ဘဲ သူ့ရဲ့ သရုပ်မှန်ပေါ်လာတာပါ

ဟုတ်ပါတယ်။ သင်တို့နှစ်ယောက် ရည်းစားမဖြစ်ခင်တုန်းကတော့ သင့်ကို ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ဆိုပြီး အသည်းအသန်ပိုးပန်းပါလိမ့်မယ်။ ဒီလို အသည်းအသန်ပိုးပန်းမှသာလျှင် သူ ချစ်တဲ့ကောင်မလေးဆီက ချစ်ပါတယ် ဆိုတဲ့အဖြေကို ကြားရမှာလေ။ ဒါပေမဲ့ ချစ်သူဖြစ်ပြီး ၃၊ ၄ လ ကြာလာရင်တော့ ကိုယ့်ကောင်မလေး ဖြစ်သွားပြီဆိုတဲ့ အသိနဲ့ စိတ်ချလက်ချနေပြီး ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့လို့ အရင်လိုအသည်းအသန် ပိုးပန်းနေမှာမဟုတ်တော့ပါဘူး။

ဒီလိုအခြေအနေမျိုးကြုံလာပြီဆိုရင်တော့ သင်လည်း မှန်လို ကျင့်ကြံရပါတော့မယ်

သူ့ဘက်က အရင်လို ဖုန်းဆက်နေကျ အချိန်တွေမှာ ဖုန်းမဆက်တော့ဘူး၊ မက်ဆေ့ချ်တွေ မပို့တော့ဘူးဆိုရင် ပြဿနာ သွားမရှာလိုက်ပါနဲ့။ သွားမရစ်လိုက်ပါနဲ့။ အကြီးအကျယ်မှားသွားလိမ့်မယ်နော်။ ပြဿနာရှာမယ့်အစား ကိုယ့်ဘာသာ နေတတ်သလို နေသာသလိုနေပါ။ အဲ့ဒီတော့မှာ သင့်ကောင်လေးက သင် သွေးအေးသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ သင့်ကို ပြန်ဂရုစိုက်မှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ ပြဿနာရှာတာတို့ ရစ်တာတို့ လုပ်မယ်ဆိုရင် သူ့စိတ်က မွန်းကျပ်လာပြီး သင်နဲ့ အဝေးဆုံးကိုသာ ထွက်သွားပါလိမ့်မယ်။

မျှော်လင့်ချက် မထားပါနဲ့

မျှော်လင့်ချက်တွေက နာကျင်ရတယ်ဆိုတာ လူတိုင်းအသိပါပဲ။ သမီးရည်းစားဆက်ဆံရေးမှာ မျှော်လင့်ချက်တွေ လုံးဝ(လုံးဝ) မထားပါနဲ့။ သူ့ဆီက မက်ဆေ့ချ် စောင့်မျှော်နေတာမျိုးလို အသေးအဖွဲကိစ္စလေးအပေါ်မှာတောင် မျှော်လင့်ချက်မထားပါနဲ့။ သင်ပဲ စိတ်ပင်ပန်းနေရမှာပါ။ သမီးရည်းစားဆက်ဆံရေးမှ မဟုတ်ပါဘူး။ အခြားလူမှုဆက်ဆံရေးမှာလည်း ထိုနည်းအတိုင်းပဲဖြစ်ပါတယ်။ ကိုယ့်ချစ်သူအတွက် ကိုယ်လုပ်ပေးနိုင်တာကို အကောင်းဆုံးလုပ်ပေးလိုက်ပါ။ ပြန်ရမယ့်အရာတွေအတွက် မျှော်လင့်ချက်မထားပါနဲ့။ မေတ္တာမှန်ရင် ရောင်ပြန်ဟပ်မှာပါပဲ။

အခြားအတွဲတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

သူများအတွဲတွေကတော့ ရက် ၁၀၀ ပြည့်မှာ ကောင်လေးက ကောင်မလေးကို ဘယ်လို Surprise လေး လုပ်လိုက်တာ၊ ဘယ်လိုတန်ဖိုးကြီးလက်ဆောင်လေး ပေးလိုက်တာ စသည်ဖြင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ သင်မြင်တွေ့နေရမှာပဲဖြစ်ပါတယ်။ ဒါတွေကို အားကျပြီး ငါ့ကောင်လေးကတော့ ငါ့ကို ဘာမှမလုပ်ပေးပါလားဆိုပြီး အတွေးတွေ ဝင်လာပါလိမ့်မယ်။ ဒီလိုဘာမဟုတ်တဲ့ အတွေးတွေကပဲ သင်တို့နှစ်ယောက်ကြား ဆက်ဆံရေးကို ပျက်ပြားစေမယ့် လမ်းစပါပဲ။ ဆိုရှယ်မီဒီယာတွေဆိုတာက ကောင်းကွက်တွေကိုပဲ ရွေးတင်တတ်ကြတဲ့အရာပဲမဟုတ်လား။ သင့်ဘက်ကလည်း သင့်ချစ်သူရဲ့ အကျင့်စရိုက်နဲ့ အခြေအနေကို နားလည်အောင် ကြိုးစားထားပါ။

ကိုယ့်ချစ်သူရဲ့ မကောင်းကြောင်းကို ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့

သင့်ကောင်လေးနဲ့ ရန်ဖြစ်ထားတဲ့အချိန်မှာ သင့်အချစ်ဆုံးသူငယ်ချင်းထံမှာတော့ ရင်ဖွင့်ဖူးတယ်မလား။ အဲ့ဒီအချိန်မှာ ကိုယ့်ချစ်သူက ဘယ်လိုဘယ်ပုံ စသည်ဖြင့် ခရေစေ့တွင်းကျ ပြောပြဖူးမှာပဲနော်။ ပျိုမေတို့ သတိထားမိမှာမဟုတ်ပေမယ့် ထိုနည်းလမ်းက သွယ်ဝိုက်ပြီး မကောင်းကြောင်း ပြောတဲ့နည်းပါပဲ။ ခံစားရတာ မွန်းကျပ်လာလို့ ထွက်ပေါက်ရှာချင်တယ်ဆိုရင် တစ်ဖက်လူကို အပြစ်ပုံချတဲ့လေသံမျိုးနဲ့ မပြောမိအောင် သတိထားရမယ်နော်။

သူ့ရဲ့ မကောင်းတဲ့အချက်တွေကို သင့်အနေနဲ့ မကြိုက်ဘူးဆိုရင် ကာယကံရှင်ကိုပဲ့ တိုက်ရိုက်ပြောပါ။ သူကလည်း ဟုတ်တယ်၊ သူ့ရဲ့ အကျင့်ဆိုးတွေကို ဝန်ခံပါတယ်ဆိုရင်တော့ သင့်ကို အမှန်တကယ်ချစ်တယ်ဆို သင် မကြိုက်တဲ့အကျင့်ဆိုးတွေကို ပြင်ဖို့ ကြိုးစားပါလိမ့်မယ်။ တကယ်လို့ သူ့ဘက်က မပြင်ဘဲ ကျူးလွန်မြဲ ကျူးလွန်ဆဲဆိုရင်တော့ ရှေ့ဆက်လုပ်ရမယ့်အရာကို သင် ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချရတော့မှာ ဖြစ်ပါတယ်။