စနေ၊ တနင်္ဂနွေပိတ်ပြီး တနင်္လာနေ့ ရုံးပြန်တက်ရတော့မယ်ဆိုရင် အရမ်းပျင်းပြီး စိတ်ညစ်နေကြတာ လူတိုင်းလိုလိုပါပဲ။ ဒီလိုမဖြစ်ရအောင် အလုပ်ပြန်တက်ရမယ့် တနင်္လာနေ့ရောက်တိုင်း တက်ကြွလန်းဆန်းနေစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ညဘက်စောစောအိပ်ပါ

တနင်္ဂနွေနေ့ညမှာ စောစောအိပ်မှ အိပ်ရေးဝပြီး မနက်ကျရင် စောစောနိုးမှာပါ။ ဒါမှ စိတ်ကြည်လင်နေမှာပါ။ ညဘက်နောက်ကျမှအိပ်ရင်တော့ မနက်ဆိုမထချင် ပျင်းရိနေပြီး မထမဖြစ်လို့ ထရမယ်ဆိုလည်း စိတ်မကြည်၊ ခေါင်းမကြည်ဖြစ်ပြီး တစ်နေကုန် နေရတာ အဆင်မပြေဖြစ်နေမှာပါ။

လုပ်စရာရှိတာတွေအဆင့်သင့်လုပ်ထားပါ

အလုပ်ပြန်သွားရမယ့် တနင်္လာနေ့အတွက် လုပ်စရာရှိတာတွေကို တစ်ခုမကျန် အကုန် အဆင်သင့်လုပ်ထားပါ။ ဒါမှ တနင်္လာနေ့မနက်မှ အေးဆေးဖြစ်ပြီး စိတ်အေးလက်အေးနဲ့ အလုပ်သွားနိုင်လို့ စိတ်ကြည်လင်ပြီး တက်ကြွနေမှာပါ။

တရားထိုင်ပါ

မနက်အိပ်ယာနိုးရင် အချိန် ၅ မိနစ်၊ ၁၀ မိနစ်လောက်လေးဖယ်ပြီး တရားထိုင်ပေးပါ။ စိတ်ကြည်လင်ပြီး တစ်နေကုန် active ဖြစ်စေဖို့ ကူညီပေးပါတယ်။

အသီးဖျော်ရည်သောက်ပါ

မနက်နိုးရင် ကော်ဖီသောက်မယ့်အစား အသီးဖျော်ရည် ဖျော်သောက်ပေးတာက ပိုပြီး တက်ကြွလန်းဆန်းစေပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

မနက်စာသေချာစားပါ

တစ်နေ့တာလုံး တက်ကြွလန်းဆန်းပြီး အားအင်ပြည့်ဝနေဖို့အတွက် မနက်စာက အရမ်းအရေးကြီးပါတယ်။ မနက်စာကို အာဟာရပြည့်ဝတာ သေချာစားပေးပါ။ တနင်္လာနေ့မှာ ထိုင်းမှိုင်းပြီး ပျင်းရိနေတာမျိုး မဖြစ်အောင် မနက်စာကို သေချာစားပြီး အားဖြည့်လိုက်ပါ။ မိုးလင်းတာနဲ့ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။