လက်ရှိ Relationship မှာ မပျော်တော့ပဲ စိတ်ညစ်လာတဲ့အခါ ငါပိုင်ဆိုင်ထားတာ Toxic ဖြစ်တဲ့ Relationship ဖြစ်နေပြီလားလို့ တွေးဖူးကြမှာပါ။ တစ်ခါတစ်လေကျရင် ကိုယ်တိုင်သတိမထားမိပဲ Toxic Relationship ထဲရောက်နေတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့ အရာရာသည်းခံနေပေမယ့်လည်း ကြာလာရင် ကိုယ်ပဲနာကျင်လာရတာပါ။ ဒီအချက်တွေကတော့ သင်ဟာ Toxic Relationship ထဲမှာရှိနေတာဖြစ်ကြောင်း သတိပေးနေတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ချယ်လှယ်တာ၊ ချုပ်ချယ်တာခံနေရခြင်း

ချစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အမြဲလိုလို သူ့သဘောအတိုင်း ချယ်လှယ်နေတာ၊ ကိုယ်လုပ်ချင်တာတွေ၊ ကိုယ့်စိတ်တိုင်းကျ ဘာမှမလုပ်ရပဲ သူ့သဘောအတိုင်း အမြဲချုပ်ချယ်ခံနေရတာတွေ ကြုံနေရပြီဆိုရင်တော့ တကယ်ကို မွန်းကြပ်စရာကောင်းတဲ့ Toxic Relationship ထဲ ရောက်နေတာပါပဲ။

အမြဲသဝန်တိုခံနေရခြင်း

ကိုယ်ချစ်သူကို ချစ်လို့သဝန်တိုတယ်ဆိုတာတော့ သဘာဝပါပဲ။ ဒါပေမယ့် လိုတာထက်ပိုပြီး သဝန်တိုရာကနေ စွပ်စွဲတာတွေ၊ လူရှေ့သူရှေ့ အရှက်ကွဲရတာတွေပါ ခဏခဏဖြစ်လာပြီဆိုရင်တော့ တဖြေးဖြေးနဲ့ ဒီ Relationship က Toxic ဖြစ်လာပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာစော်ကားခံနေရခြင်း

ဘယ်လိုအကြောင်းမျိုးကြောင့်နဲ့ပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ စော်ကားခံနေရပြီ၊ ထိခိုက်နာကျင်အောင် ကိုယ်ထိလက်ရောက် အလုပ်ခံနေရပြီဆိုရင်တော့ ဆက်ပြီးမတွဲသင့်တော့တဲ့ Toxic Relationship ထဲမှာရောက်နေတာပါပဲ။

သူနဲ့နေရတာမပျော်တော့ခြင်း

ကိုယ်ကသာ လက်ရှိ Relationship ကို Toxic Relationship ဖြစ်နေမှန်းမသိပေမယ့် အခြေအနေတွေကတော့ ပြောင်းလဲလာတာ ကိုယ့်ကိုယ်ကို သတိထားမိလာပါလိမ့်မယ်။ အရမ်းချစ်ပေမယ့်လည်း သူနဲ့နေရတာ မပျော်တော့တာမျိုး၊ ချစ်တော့ချစ်ပေမယ့် ဆက်မတွဲချင်သလို၊ သူနဲ့ရှိနေရင် မွန်းကြပ်သလို ခံစားရတာတွေ ဖြစ်လာပါလိမ့်မယ်။

Privacy ချိုးဖောက်ခံရခြင်း

ချစ်သူရည်းစားမဟုတ်ပဲ လင်မယားအချင်းချင်းတောင်မှ၊ မိသားစုအချင်းချင်းတောင်မှ Privacy ဆိုတာ ရှိသင့်ပါတယ်။ Privacy ကို မစောင့်ထိန်းပဲ ချိုးဖောက်တာတွေ၊ ချစ်ရင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးမျိုး အကြပ်ကိုင်တာတွေက မဖြစ်သင့်ပါဘူး။ Privacy ချိုးဖောက်ခံရရင် ဒါလည်း Toxic Relationship ပါပဲ။

သင့်အတွေးအမြင်တွေကိုဂရုမစိုက်ခြင်း

သင်ဘယ်လိုခံစားရတယ်၊ သင်ဘယ်လိုတွေးထင်မလဲဆိုတဲ့ သင့်ခံစားချက်တွေ၊ သင့်အတွေးအမြင်တွေကို ဂရုမစိုက်ပဲ သူ့အတွက်ပဲသူကြည့်ပြီး သူလုပ်ချင်တာလုပ်တဲ့ တစ်ကိုယ်ကောင်းသမားမျိုးနဲ့ တွဲနေရတာဆိုရင်လည်း သင်တို့ Relationship က Toxic ဖြစ်နေပါပြီ။