ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့တာကလည်း တကယ့်ကိုဆိုးရွားစေတဲ့ အရာတစ်ခုပဲ့ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့တဲ့နောက်ပိုင်းမှာတော့ ဘာပဲ့လုပ်လုပ် စိတ်ဓာတ်တွေကျလာပြီး အလိုမကျမှုတွေကိုပဲ့ ကြုံတွေ့လာရပါတယ်။ အလိုလိုနေရင်း စိတ်မကျေနပ်မှုတွေများပြီး အားငယ်စိတ်တွေဝင်လာလိုက် ဘယ်လိုအရာတွေပဲ့ဖြစ်ဖြစ် ငါမလုပ်နိုင်လောက်ဘူးဆိုတဲ့စိတ်တွေက ပထမဆုံးနေရာဝင်ယူလာပြီး အောင်မြင်မှုလမ်းစတွေပါ ပျောက်ဆုံးသွားတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့တဲ့နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

တစ်ယောက်တည်းနေရတာကို ပိုခုံမင်လာခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့တဲ့ နောက်ပိုင်းမှာ လူတွေနဲ့ကွဲထွက်ပြီး တစ်ယောက်ထဲပဲနေချင်လာပါတယ်။ အများနဲ့နေရတာထက် တစ်ယောက်ထဲနေရတာကို ပိုခုံမင်လာပြီး တစ်ယောက်ထဲတွေးနေတတ်ပါတယ်။ တစ်ခုခုဆိုရင် အကောင်းဘက်ကမတွေးပဲ အမြဲတမ်း အဆိုးဘက်ကပဲတွေးပြီး ကြောက်ရွံ့နေတတ်ပါတယ်။

အကောင်းမြင်စိတ် နည်းလာခြင်း

တခြားသူတွေကိုလည်း အကောင်းမမြင်တော့ပဲ လူတွေကို အယုံအကြည်မဲ့လာပါတယ်။ တချို့တွေဆိုရင် မိသားစု၊ သူငယ်ချင်း၊ ချစ်သူတွေကိုပါ ယုံကြည်မှုကင်းမဲ့လာပါတယ်။ လောကမှာ ယုံကြည်ရတဲ့သူက တစ်ယောက်မှမရှိဘူးဆိုပြီး အားငယ်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ ဝင်လာနိုင်ပါတယ်။

ဂရုစိုက်မခံရဘူးလို့ ခံစားလာရခြင်း

ဘယ်သူမှ ကိုယ့်ကိုဂရုမစိုက်ဘူးလို့ ထင်နေတတ်ပါတယ်။ ဒီလိုတွေ တွေးနေမယ်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့လည်း အဆင်မပြေ၊ ရည်းစားနဲ့လည်း အဆင်မပြေ ဖြစ်လာပါမယ်။ တစ်ယောက်ယောက်က ကိုယ့်ကိုဂရုစိုက်ပေးနေရင်တောင် သူ့ရဲ့ဂရုစိုက်မှုတွေက မလုံလောက်ဘူး၊ ဂရုမစိုက်ဘူးလို့ ထင်နေပါလိမ့်မယ်။ တကယ်တော့ ကိုယ့်အတွေးနဲ့ပဲ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။

ယုံကြည်မှုတွေ ပျောက်ဆုံးလာခြင်း

ကိုယ့်ကိုယ်ကိုလည်း တဖြေးဖြေးနဲ့ ယုံကြည်မှုတွေပျောက်ဆုံးလာပါတယ်။ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခု မအောင်မြင်ရင် စိတ်ဓာတ်တွေက ဟိုးအောက်ဆုံးထိကိုထိုးကျပြီး နောက်တစ်ခေါက်ပြန်လုပ်ဖို့ကို ယုံကြည်မှုတွေမရှိတော့ပါဘူး။ ဘယ်အရာကိုပဲဖြစ်ဖြစ် ငါမလုပ်နိုင်ဘူး၊ ငါလုပ်ရင်ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးတွေ အများကြီးဝင်လာတတ်ပါတယ်။

စိတ်တိုစိတ်ဆိုးလွယ်ခြင်း

ဘာကိစ္စပဲဖြစ်ဖြစ် စိတ်တိုလွယ်၊ ဒေါသထွက်လွယ်ပြီး ကိုယ့်ခံစားချက်ကိုတောင် မထိန်းနိုင်တော့တဲ့အဆင့်ကို ရောက်လာတာတတ်ပါတယ်။ ကိစ္စသေးသေးလေးတွေကအစ အရမ်းပေါက်ကွဲပြီး ဒေါသထွက်နေတတ်ပါတယ်။ ဘာလုပ်လုပ်လည်း စိတ်မရှည်တော့ပါဘူး။ စိတ်မရှည်ပဲ တစ်ချိန်လုံးစိတ်တို ဒေါသထွက်နေမှတော့ ဘာလုပ်လုပ်လည်း အဆင်ပြေမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုပြန်ပြီး မနှိပ်စက်ပါနဲ့။  ကိုယ့်ကိုယ်ကို အမြဲတမ်းယုံကြည်မှုရှိရှိနဲ့နေပါ။