လူတွေရဲ့ခန္ဓာကိုယ်ဟာ စကားပြောတတ်ပါတယ်။ အသံထွက်ပြောတာတော့ မဟုတ်ပါဘူး။ လက္ခဏာတွေ ပြပြီး အချက်ပေးတာပါ။ ဒီလို ခန္ဓာကိုယ်ကနေပြီးတော့ အချက်ပြပြီဆိုရင် သတိထားပြီး ဂရုစိုက်ရပါမယ်။ တချို့အရာတွေက လူကိုသေစေနိုင်သော ရောဂါတွေ (သို့) လေဖြတ်နိုင်ခြေရှိတာတွေကို အချက်ပြပြီး အသိပေးလေ့ရှိပါတယ်။ သတိထားရမယ့် ခန္ဓာကိုယ်ပေါ်မှ လက္ခဏာတွေအကြောင်း ပြောပြပေးသွားမှာပါ။

(၁) ခြေချောင်းတွေဖူးရောင်နေခြင်း

ကိုယ့်ရဲ့ခြေထောက်က သန့်ရှင်းနေတယ်။ ညစ်ပတ်မနေဘူး။ ယားယံတာတွေလည်းမရှိပေမယ့် ခြေချောင်းတွေက ဖူးရောင်နေမယ်ဆိုရင် ဆရာဝန်နဲ့ သွားပြသင့်နေပါပြီ။ ဒါဟာ အဆစ်အမြစ်ရောင် ရောဂါရဲ့ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ခြေများပါတယ်။

(၂) ပန်းရောင်သမ်းသောခြေထောက်

လူတော်တော်များများက ခြေထောက်တွေ ဖြူဖွေးပြီးနုဖက်နေအောင် လိုးရှင်းတွေ လိမ်းကြလေ့ရှိပါတယ်။ ဒါပေမယ့် မိမိရဲ့ခြေထောက်က ပုံမှန်အရောင်မဟုတ်ဘဲ ပန်းရောင်သမ်းနေပြီး အရေပြားက ပါးလွှာနေရင်တော့ ဆေးရုံသွားပြီး ဆေးစစ်သင့်နေပါပြီ။ ဒါဟာ ခန္ဓာကိုယ်အတွင်းမှာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်မှာ ပြဿနာ ရှိနေပြီဆိုတာ ပြနေတာပါ။ ဆီးချို ဖြစ်နိုင်ချေရှိပါတယ်။

(၃) အရေပြားများယားယံခြင်း

ဘယ်မှမသွား ဘာမှမလုပ်ပါဘဲ အရေပြားတွေ အလိုလို ယားယံနေတယ်ဆိုရင်တော့ ဆီးချိုဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့ သွားမတွေ့ခင် ယားယံတဲ့နေရာကို သေချာစွာစစ်ဆေးပါ။ အင်းဆက်ပိုးမွှားတွေကြောင့်လာ (သို့) allergic ဖြစ်တာလာ ဆိုတာကို ခွဲခြားသိဖို့ လိုအပ်ပါတယ်။ ဒါတွေကြောင့် မဟုတ်ဘဲ ယားယံနေရင်တော့ ဆရာဝန်ပြတာ အကောင်းဆုံးပါ။

(၄) လက်သည်းများ ပြောင်းလဲလာခြင်း

လက်သည်းတွေ ပိုပြီးပါးလာတာ ပိုပြီးကျယ်လာတာတွေ ဖြစ်ရင်တော့ သတိထားရပါမယ်။ နှလုံးမှာ ပြဿနာ ဖြစ်နိုင်ချေရှိတဲ့ သတိပေးမှုဖြစ်နိုင်ပါတယ်။ လက်သည်းမှာ ဖြစ်တဲ့ရောဂါဆိုတာ မရှိပါဘူး။ လက်သည်းမှာ တစ်ခုခုဖြစ်နေတာက ခန္ဓာကိုယ်ပေါ်မှာ အခြားရောဂါတွေဖြစ်နေပြီဆိုတာ သတိပေးနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့လက်သည်းတွေက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေပြီဆိုရင် စစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။

(၅) အစာစားချင်စိတ် မရှိခြင်း

အစာစားချင်စိတ် မရှိတာက ဝိတ်ကျချင်သူတွေအတွက် သတင်းကောင်းမဟုတ်ပါဘူး။ ရုတ်တရက် အစာစားချင်စိတ် မရှိတော့ဘဲနဲ့ ဝိတ်တွေ ကျလာနေပြီဆိုရင် ခန္ဓာကိုယ်အတွင်း မှာပြဿနာ တစ်ခုခုဖြစ်နေပါပြီ။ စားပြီးသာအစာတွေပါ ပြန်အန်နေတယ်ဆိုရင်တော့ အစာအိမ်ရောဂါဖြစ်ဖို့ များပါတယ်။

Source: Bright Side